Thursday, April 21, 2016

ဦးညီပု၏ ရခိုင်ပြည်နယ်သည် ပြောင်းလဲနိုင်မည်လား

နေသော်/Root Investigative Agency

လတ်တလော ရခိုင်ပြည်နယ်၏ တည်ငြိမ်မှု ပျက်ပြားနေ၏။ ဖိနှိပ်သူနှင့် ရုန်းကန်လှုပ်ရှားကြသူတို့ အားပြိုင်မှုများကြောင့် ဖြစ်သည်။

ပြည်တွင်းစစ်ဖြစ်ပွားနေသည်။ ပြည်နယ်၏ အင်အားအကြီးဆုံးပါတီက အနိုင်ရခဲ့ပါလျှက် အစိုးရအဖွဲ့ကို အတိုက်အခံပြုနေသည်။ ပြည်သူများ လမ်းပေါ်ထွက် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြနေကြသည်။


ရခိုင်လူငယ်အမြောက်အမြား ဖမ်းဆီးခံနေရသည်။ တောင်ပေါ်နေ ကျေးလက်ပြည်သူများ တောင်ယာများကို ကျောခိုင်းလျှက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သဘာဝဓာတ်ငွေ့ထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်၍ ၀င်ငွေများစွာ ရရှိနေသော်လည်း ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့က ဆင်းရဲနွံထဲမှ မလွတ်မြောက်နိုင်ခဲ့။ ယခင်အစိုးရများနှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်များသာ ချမ်းသာသွား၏။

နိုင်ငံတစ်ခု၏ ဦးဆောင်သူသည် ထိုနိုင်ငံကို ကိုယ်စားပြုရသည်။ ထိုနိုင်ငံအတွက် တာဝန်အရပ်ရပ်ကို ယူရသည်။ ကောင်းခြင်း ဆိုးခြင်းနှစ်ဖြာသည် ထိုခေါင်းဆောင်ပေါ်၌ တည်မှီသည်။

ရွေးကောက်ပွဲများ ပြုလုပ်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ခေါင်းဆောင်ရှာခြင်း ဖြစ်သည်။ အားလုံးအတွက် ဦးဆောင်ကောင်း တာဝန်ကို ပေးအပ်ခြင်းလည်း ဖြစ်သည်။ ခေါင်းဆောင် ဟူသည် နိုင်ငံသူ၊ နိုင်ငံသားများကို လေးစားရသည်။

အကျိုးစီးပွားကို မထမ်းရွက်နိုင်လျှက် နောက်ထပ်ရွေးကောက်ပွဲတွင် လူစားလဲသည်ဆိုလျှင်ပင် မေတ္တာပျက်ခြင်း မရှိရချေ။

ကိုယ်တာဝန်ယူရစဉ်ကာလ၌ ဆိုဖွယ်ရာ မရှိတော့ချေ။ မျှတမှန်ကန်သော ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ ရလဒ်ကို လေးစားခြင်း မရှိဆိုလျှင် ပြည်သူတို့၏ ဆန္ဒကို လေးစားအသိအမှတ်ပြုရာ မရောက်ပေ။

တစ်ချိန်တစ်ခါက  နိုင်ငံရေးသဘောတရားပေါ် အခြေပြု၍ နိုင်ငံ တည်ဆောက်မှု ပြုခဲ့ကြသည်။ နိုင်ငံ ဦးဆောင်သူများသည် နိုင်ငံသာယာဝပြောရေး၊ ပြည်သူတို့ တိုးတက်ကောင်းစားရေးအတွက် ၎င်းတို့၏ လက်တွေ့မကျသော သဘောတရားများကို ဇွတ်အတင်း အကောင်ထည်ဖော်ခဲ့ကြသည်။ မူလသဘောတရားက စနစ်တစ်ခုကို မွေးဖွားပေးခဲ့ပြီး ထိုစနစ်ဖြင့် နိုင်ငံကို တည်ဆောက်ခဲ့ကြသည်။

ကာလတစ်ခုကို ဖြတ်သန်းပြီးသောအခါ ရခိုင်ပြည်နယ်သည် လူမျိုးရေး ပဋိပက္ခများနှင့် ပိုမိုရှုပ်ထွေးလာခဲ့သည်။ ပြည်နယ်ဦးဆောင် ၀န်ကြီးချူပ်များ၏ “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး” ဆိုင်ရာ နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့သည်များကို ကြိုဆိုဖွယ်ရာ ကောင်းပါသည်။ သို့သော် စီမံကိန်းအရ၊ မူဝါဒအရ ကောင်းသော်လည်း၊ အကောင်ထည်ဖော်ကြမည့် အောက်ခြေအဆင့်ဆင့်သောသူများ၏ ပုံစံကျစိတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော အတွေးအခေါ်နှင့် အမြင်၊ ခံယူချက်များကြောင့် ရောက်သင့်သော ခရီးကို မရောက်ဖြစ်ခဲ့။

ရခိုင်အမျိုးသမီးတစ်ဦးနှင့် ရွေ့ပြောင်းအလုပ်သမားကြား ဖြစ်ပွားခဲ့သော မှုခင်းမှသည် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့နိုင်ငံများသို့ Political Disaster အဖြစ် ကူးစက်ခဲ့ရခြင်းမှာ အမှန်တကယ် အရည်အသွေး မရှိသူတို့က သူတို့၏ အရည်အသွေး တစုံတရာကို မပြနိုင်ကြသည်ဖြစ်၍ လူကြီးကြိုက်သော လိုက်လုပ်ပြီး ပျူငှာသော ဧည့်ဝတ်၊ ချိုသာသော အပြုံးဖြင့် မရှိသော အရည်အချင်းကို ဖုံးအုပ်ကာနေခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ယနေ့ ရခိုင်ပြည်နယ်၏ ပြည်နယ်အစိုးရအဖွဲ့ကို မည်သူကို ဦးဆောင်စေချင်သည်ဟူသော ခံယူချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ တစ်နေ့တွင် မဲပေးခဲ့ကြသလို၊ ပြည်နယ်အစိုးရဖွဲ့ချိန်တွင်လည်း ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖြစ်သည်။

သို့သော် “ပြောင်းလဲချိန်တန်ပြီ” အဓိပတိကြီး၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ပြည်သူတို့ မျှော်လင့်သလို မဟုတ်ဘဲ ရခိုင်ပြည်နယ်၏ ၀န်ကြီးချူပ်က  ဦးညီပု ဖြစ်လာခဲ့သည်။
အုပ်ချူပ်သူ လူတန်းစား ကျိကျိတက် ချမ်းသာသွားခဲ့ကြပြီး ပြည်နယ်သူ ပြည်နယ်သားများ ထူးခြားစွာ တိုးတက်မှု မရှိခဲ့ကြသည်ကို ရခိုင်တမျိုးသားလုံးက ပြောင်းလဲလိုနေကြသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ပြည်တွင်းစစ်ဖြစ်ပွားနေသည်။ ပြည်နယ်၏ အင်အားအကြီးဆုံးပါတီက အနိုင်ရခဲ့ပါလျှက် အစိုးရအဖွဲ့ကို အတိုက်အခံပြုနေသည်။ ပြည်သူများ လမ်းပေါ်ထွက် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြနေကြသည်။
ရခိုင်လူငယ်အမြောက်အမြား ဖမ်းဆီးခံနေရသည်။ တောင်ပေါ်နေ ကျေးလက်ပြည်သူများ တောင်ယာများကို ကျောခိုင်းလျှက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top