စစ်တွေ/RiA ၊ မတ်လ ၂ ရက်
စစ်တွေမြို့မိမြို့ဖ အဖွဲ့ကို တရားဝင် ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း သိရပါတယ်။
၎င်းအဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ် ပဋိပက္ခကာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် မလိုအပ်တော့ဘူးလို့ ယူဆတာကြောင့် ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးသန်းထွန်းက ပြောပါတယ်။
“ကျနော်တို့ အကောင်းဆုံး လုပ်ပေးခဲ့ပြီးပါပြီ။ ဆက်ပြီးတော့ မလိုအပ်တော့ဘူးလို့ ယူဆတာကြောင့် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။”
စစ်တွေမြို့မိမြို့ဖအဖွဲ့ (စစ်တွေ) ရဲ့ ဥက္ကဌ မောင်ထွန်းကျော် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ “မြို့မိမြို့ဖအဖွဲ့ (စစ်တွေ) အား ဖျက်သိမ်းကြောင်း ကြေညာချက်” တွင် ယခုအခါ မိမိတို့အဖွဲ့အပေါ် ဝေဖန်မှု၊ ဆန်းစစ်မှုများ ရှုတ်ထွေးလာတာကြောင့် ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၎င်းအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖျက်သိမ်းလိုက်တာ လို့ ဖော်ပြပါရှိပါတယ်။
ရခိုင်နိုင်ငံရေး လေ့လာသူတွေက “ စစ်တွေမြို့မိမြို့ဖအဖွဲ့ရဲ့ တချို့ဆောင်ရွက်ချက်တွေဟာ ရခိုင်အမျိုးသားပါတီအပေါ် ထိခိုက်နေပြီး ယခုလို ဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး ANP က ဖိအားပေးခဲ့ဖွယ် ရှိကြောင်း” မှတ်ချက်ပြု ပြောကြားမှုတွေအပေါ် ရခိုင်အမျိုးသားပါတီက ယခုလို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
“ဒီ စစ်တွေမြို့မိမြို့ဖ အဖွဲ့က စစ်တွေရပ်ကွက် တစ်ခုချင်းစီက ရွေးကောက်တင်မြှောက်ခဲ့တာလည်း မဟုတ်ပါဘူး။ နီးစပ်ရာက ရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အဖွဲ့ဖွဲ့တာပဲ ဖြစ်ဖြစ်၊ ဖျက်သိမ်းတာပဲ ဖြစ်ဖြစ် ကျနော်တို့က ဘာမှ မှတ်ချက်မပြုလိုပါဘူး။” လို့ ANP ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
စစ်တွေမြို့မိမြို့အဖွဲ့အနေနဲ့ “မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ” ၊ “ပြည်နယ်ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ - ECC” ၊ “ပြည်နယ်/မြို့နယ် နိုင်ငံသားစီစစ်ရေးအဖွဲ့ကော်မတီ” နှင့် “မြို့နယ်စည်ပင်သာယာရေး ကော်မတီ” တွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အဆိုပါကော်မတီများတွင် ပါဝင်တဲ့ အဖွဲ့ဝင်တွေကိုလည်း တာဝန်မှ ရုပ်သိမ်းကြောင်း စစ်တွေမြို့မိမြို့ဖ အဖွဲ့က ကြေညာခဲ့ပါတယ်။

0 comments:
Post a Comment