ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၂၂ ရက်
ရခိုင်လက်နက်ကိုင်တပ်မတော်များ ဖြစ်ကြတဲ့ ကရင်ပြည်နယ် အခြေစိုက် ရခိုင်ပြည်တပ်မတော် (AA/ANC) ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA/ALP)၊ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတော် (AA/ULA) တို့ကို ပေါင်းစည်းရန် ညှိနှိုင်းကော်မတီများ အသီးသီး ဖွဲ့ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ရခိုင်ပြည်တပ်မတော် AA/ANC နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP ပေါင်းစည်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ယခုတစ်ဖန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့တဲ့ UNFC အစည်းအဝေးအပြီးတွင် ရခိုင်ပြည်တပ်မတော် AA/ANC နှင့် ရက္ခိုင့်တပ်မတော် AA/ULA တို့ ပေါင်းစည်းရေး ညှိနှိုင်းအဖွဲ့ကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ ထပ်မံ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
"အခုက UNFC အဖွဲ့ဝင်ထဲမှာ တရားဝင်ဖြစ်တဲ့ ANC အဖွဲ့တော့ရှိပြီးပြီလေ၊ ANC အဖွဲ့ကပြန်လျှောက်ထားတာရှိတယ်၊ သူတို့လျှောက်ထားတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရော၊ UNFC ရဲ့ပြဌာန်းထားတဲ့ပုဒ်မတွေနဲ့ ကိုက်ညီတာလေးတွေ တော့ရှိတယ်၊ ဒါပေမယ့် စည်းလုံးညီညွတ်ရေးနဲ့ အချင်းချင်းပိုပြီးတော့ ညီညွတ်ဖို့အတွက် အဲ့ဒါကို ဒီတိုင်းလက်ခံလို့တော့မဖြစ်ဘူး၊ ဒီနှစ်ဖွဲ့ကိုပေါင်းစည်း နိုင်ဖို့အတွက် UNFC အဖွဲ့ထဲမှာ ပါဝင်မယ်ဆိုရင်တော့ UNFC လည်းခိုင်မာ မယ်၊ ညီညွတ်မှုလည်းပိုရလာမယ်၊ ဒီနှစ်ဖွဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ကိုယ်စားလှယ်တစ်ခုဖွဲ့လိုက်တာ" လို့ AA နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် PSLF ဥက္ကဌ ဗိုလ်ချူပ် တာအိုက်ဘုန်းက RFA သတင်းဌာနကတဆင့် ပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတေ် AA အနေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချူပ် ULA /AA ကို UNFC မှာ အဖွဲ့ဝင် အဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားခဲ့ပေမယ့် UNFC က ANC/AA နှင့် ULA/AA ကို အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပါဝင်ဖို့ ဆန္ဒပြခဲ့ရာမှာ နှစ်ဖွဲ့စလုံးက လက်ခံခဲ့တာ ဖြစ်ပါတယ်။
0 comments:
Post a Comment