Monday, February 22, 2016

ဗုဒ္ဓပူဇနိယ တေးသီချင်း တေးရေးအမည် မှားယွင်းစွာ ထုတ်လုပ်ဖြန့်ချီမှု ရခိုင်ဂီတမှ တရားစွဲဆိုမည်

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၂၂ ရက်
ဗုဒ္ဓပူဇနိယ တေးသီချင်းတွင် တေးရေးအမည် မှားယွင်းဖော်ပြထားမှုနှင့် ပတ်သက်ပြီး မူပိုင်ခွင့်အရပ်ရပ်ကို မတ်လ ၁၄ ရက်နောက်ဆုံးထား ပြန်လည်ရှင်းလင်းဖို့နှင့် ပျက်ကွက်ခဲ့ရင် တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း ရခိုင်ဂီတအစည်းအရုံး (စစ်တွေ) ကြေညာလိုက်ပါတယ်။

အဆိုပါ ကြေညာချက်ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ စစ်တွေမြို့ အာရီယာန် ခန်းမမှာ ပြုလုပ်ခဲ့တဲ့ “ရခိုင်သီချင်းကို မြန်မာမှုပြု၍သီဆိုခြင်းကိစ္စ” သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက် ထုတ် ကြေညာချက်ခဲ့တာ ဖြစ်ပါတယ်။
“တေးစီးရီးခွေနှင့် ပတ်သက်တဲ့ သူအားလုံးက လာမယ့် မတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တေးရေး မူလပိုင်ရှင်ဖြစ်တဲ့ ရက္ကန်းဦးဘသာ (ကွယ်လွန်) ရဲ့ မူပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပြန်လည် ပေးအပ်ဖို့နှင့် သတ်မှတ်ရက်အတွင်းမှာ ရှင်းလင်းမှု မပြုလုပ်ခဲ့ဘူးဆိုရင် ဒီ ဗုဒ္ဓပူဇနိယ တေးသီချင်းကို ပြန်လည် ဖြန့်ချီမှုနဲ့ သက်ဆိုင်တဲ့သူအားလုံးကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။” လို့ ရခိုင်ဂီတအစည်းအရုံး ဥက္ကဌ ဦးစံမော်သိန်းက သတင်းမီဒီယာများကို ပြောကြားခဲ့ပါတယ်။
မူလ တေးရေးဆရာ ရက္ကန်း ဦးဘသာရဲ့ မိသားစုဝင်များက ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ယခု ချမ်းချမ်းရဲ့ တေးစီးရီး အိပ်မက် သီချင်းခွေတွင် တေးရေး မြင့်မိုးအောင် အမည်နဲ့ ရခိုင်သီချင်း ဗုဒ္ဓပူဇနိယကို ပြန်လည် သီဆိုပြုပြင်ထားမှုများအပေါ် ခုလို ပြောပါတယ်။
“မူပိုင်ခွင့်တွေ ပြန်လည်ရရှိဖို့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ဂီတအစည်းအရုံးကို လုပ်ပိုင်ခွင့် အားလုံးပေးထားပါတယ်” လို့ မူလတေးရေးဆရာ ရက္ကန်း ဦးဘသာရဲ့ သားဖြစ်သူ ဦးကျော်သိန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါ တေးသီချင်းကို ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့တဲ့ ၁၉ နှစ်မြောက် ပြည်ထောင်စု အခမ်းအနားတွင် စတင် တင်ဆက်ခဲ့တာ ဖြစ်ပြီး  ၁၉၈၇ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုပွဲဝင် ရိုးရာရခိုင်သီချင်းအဖြစ် စာမူခွင့်ပြုချက်အမှတ် ၁၀၁၀ နဲ့ မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း ရခိုင်ဂီတအစည်းအရုံးက ပြောပါတယ်။
တေးရေး မြင့်မိုးအောင်ကတော့ သူ့ရဲ့ အင်တာနက် စာမျက်နှာကနေ ၎င်းတေးသီချင်းကိစ္စများနှင့် ပတ်သက်ပြီး  ရှင်းလင်းပြောကြားထားပြီး ဖြစ်ပေမယ့် ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေသာ ဖြစ်ကြောင်း ရခိုင်ဂီတ အစည်းအရုံးက ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို ရခိုင်အနုပညာရှင်များ ဖြစ်ကြတဲ့ မြတ်ခိုင်ကျော်၊ တူတူချေ၊ မျိုးမင်းလေးတို့နှင့် ရခိုင်ဂီတအစည်းအရုံး အဖွဲ့ဝင်များ၊ ရက္ကန်း ဦးဘသာရဲ့ မိသားစုဝင်များ၊ သတင်းမီဒီယာများ စုစုပေါင်း ၆၀ ခန့်က တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top