Sunday, February 7, 2016

ALP နှင့် AA ပေါင်းစည်းတော့မည်

AA နှင့် ALP ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ဓာတ်ပုံ - AA)
စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၇ ရက်

ကရင်ပြည်နယ်အခြေစိုက် ရခိုင်ပြည်တပ်မတော် Arakan Army နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA တို့ကြား တစ်ခုတည်းသော ပါတီနှင့် တစ်ခုတည်းသော တပ်မတော်အဖြစ် ပေါင်းစည်းမည်ဖြစ်ကြောင်း မနေ့က ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။


ကြေညာချက်တွင် “အကြောင်းအမျိုးမျိုးကြောင့် သီးခြားရပ်တည်နေရတဲ့ အမျိုးသား တော်လှန်ရေးပါတီနှင့် တပ်မတော်များအား တစ်ဖွဲ့တစ်ပါတီအဖြစ် စုစည်းနိုင်လျှင် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ချက်ကြောင့် တစ်ဖွဲ့ရဲ့ အမျိုးသားရေးခံယူချက်နှင့် ကြိုးပမ်းစွန့်လွှတ် အနစ်နာခံမှုများကို တဖွဲ့က ပြန်လည် အသိအမှတ်ပြုလျှက် တစ်ခုတည်းသော တပ်မတော်နှင့် ပါတီအဖြစ် ပေါင်းစည်းရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်သူလူထုနှင့် မဟာမိတ်များကို အသိပေးထားကြောင်း” ပါရှိပါတယ်။

ယခုလို တပ်မတော် ၂ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့အတွက် ALP နှင့် AA တို့ဟာ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် အလွတ်သဘော ၂ ရက်ကြာ တွေ့ဆုံခဲ့ပြီး တရားဝင် ဆွေးနွေးမှု ၃ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ALP နှင့် AA ပေါင်းစည်းရေးအဖွဲ့တွင် ရခိုင်ပြည်တပ်မတော် AA ရဲ့ စစ်ဦးစီးချူပ် ဗိုလ်မှူးကြီး မင်းထွန်း (ခ) မင်းဇံဝေ နှင့် ALP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ခိုင်အောင်ဇံဖြူ၊ ရခိုင်ပြည်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်နှင့် အဖွဲ့ဝင် ၉ ဦးပါရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top