Sunday, January 10, 2016

နေတိုး နှင့် ဗီယက်နမ်မင်းသမီးတို့ ရုပ်ရှင်ရိုက်ကူးရေး အစီအစဉ် ဖေဖေါ်ဝါရီလမှ မတ်လသို့ ရွေ့ပြောင်း

ရန်ကုန်၊ ဇန်န၀ါရီ ၁၀ ရက်

 နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ နေတိုးနှင့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေတို့ တွဲဖက် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်လမ်းကို မူလက ဖေဖေါ်ဝါရီလတွင် စတင်ရိုက်ကူးနိုင်ရန် စီစဉ်ထားသော်လည်း သရုပ်ဆောင်နေတိုးမှာ ဖေဖေါ်ဝါရီလတွင် သြစတြေးလျ ခရီးစဉ် ရှိနေတာကြောင့် မူလရိုက်ကူးမည့်လမှ မတ်လသို့ ရွေ့ပြောင်းလိုက်ကြောင်း Myanmar Media 7 မှ သတင်းထုတ်ပြန်လိုက်ပါတယ်။


“အစက ဖေဖေါ်ဝါရီလထဲမှာ ရိုက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ကိုနေတိုးက နှင်းဆီအငြိမ့်အဖွဲ့နှင့် အဲဒီလမှာ သြစတြေးလျမှာ ဖျော်ဖြေရေးရှိတာကြောင့် မတ်လကို ရွေ့ပြောင်းဖို့ ဒါမှမဟုတ် ဧပြီပေါ့။ ညှိပြီးတော့ လုပ်ရမှာပဲ။ ဇာတ်လမ်းက ရွေးပြီးသွားပါပြီ။ သည်ခေတ်နေရဲ့ ဇတ်ညွန်းပဲ။ အစတုန်းကတော့ ပရဟိတအချစ်ရိုမန့်ပုံစံမျိုး ရိုက်မလို့ပဲ။ ဒါပေမယ့် အဲဒါက မုန်တိုင်း နာဂစ်၊ ဂီရိတွေကို အခြေခံထားတာကြောင့် အဆင်မပြေတာမို့ အချစ်ရိုမန့် တစ်ခုတည်း ရိုက်မယ်ဆိုပြီး ပြောင်းလိုက်တာပါ” လို့ Myanmar Media 7 က ကိုဝေမင်းမောင်က ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေမှ ရေးသားတာဖြစ်ပြီး ရိုက်ကူးရေးအတွက် ဒါရိုက်တာကို ယခင် "ဘယ်လိုအချစ်မျိုးလဲ" ဇတ်လမ်း (ထိုင်း-မြန်မာ) ကို ရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာက ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဇာတ်လမ်းအကျဉ်းချူပ်မှာ သရုပ်ဆောင် အကယ်ဒမီ နေတိုးက မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင်တစ်ဦးနေရာက သရုပ်ဆောင်ရမည်ဖြစ်ပြီး ဗီယက်နမ်မင်းသမီးမှာ ကြော်ငြာမောလ်ဒယ်တစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ကာ ၎င်းကို နေတိုးမှ ကြော်ငြာရိုက်ဖို့ မြန်မာနိုင်ငံကို ဖိတ်ခေါ်ရာမှ သူတို့နှစ်ဦးကြားဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ရုပ်ရှင်ရိုက်ကူးရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ဗီယက်နမ်မင်းသမီး ငုရန်ထရန်ဟုရန်မေမှာ ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ကို လာရောက်ခဲ့ပြီး သရုပ်ဆောင်အကယ်ဒမီ နေတိုးနှင့်အတူ မီဒီယာများနှင့် တွေ့ဆုံခဲ့သလို ၎င်းမှာ Myanmar Media 7 နှင့် အနုပညာလှုပ်ရှားမှု၊ ပရဟိတလုပ်ငန်းများပူးပေါင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က သဘောတူစာချူပ် ချူပ်ဆိုထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ဗီယက်နမ်မင်းသမီး ငုရန်ထရန်ဟုရန်မေမှာ ရုပ်ရှင်ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံကို ထပ်မံ လာရောက်ရဦးမှာ ဖြစ်ပေမယ့် သရုပ်ဆောင် အကယ်ဒမီ နေတိုး သြစတြေးလျ ခရီးစဉ်ပြီးမှ အတည်ပြု ထုတ်ပြန်နိုင်မှာ ဖြစ်ကြောင်း Myanmar Media 7 က သတင်းထုတ်ပြန်ထားပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top