နေပြည်တော်/RiA ၊ ဇန်န၀ါရီ ၂၇ ရက်
ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ စတင်ပြုလုပ်မယ့် လွှတ်တော်သစ် အစည်းဝေးကို တက်ရောက်ရန်အတွက် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး နေပြည်တော် သို့ ရောက်ရှိနေကြပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်ကို လေ့လာကြရမယ်လို့ သိရပါတယ်။
ရောက်ရှိလာတဲ့ ကိုယ်စားလှယ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုလက်မှတ်များ ထုတ်ပေးနေပြီး၊ သက်ဆိုင်ရာ ဌာနတွေမှာ စာရင်းသွင်းပြီး နေကြရမယ်လို့ ANP မှ ပြည်သူ့လွှတ်တော်အမတ် ရသေ့တောင်မြို့နယ်က ဒေါ်ခင်စောဝေက RiA ကို ပြောပါတယ်။
“ ပါတီက လူတွေက အကုန်လုံးရောက်ရှိနေကြပါပြီ၊ စာရင်းသွင်းရမှာက ၂၆ ရက်နေ့ နောက်ဆုံးဆိုတော့ အကုန်လုံးရောက် နေကြပါပြီ၊ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေက ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို လေ့လာကြရမှာပါ၊ အန်တီတို့ပါတီကတော့ လူဟောင်းထဲက လွှတ်တော်နှစ်ရပ်စလုံးမှာ သုံးဦးစီပါတယ် စုစုပေါင်းခြောက်ဦးပေါ့၊ လွှတ်တော်ထဲမှာ ပါတယ်။ တိုင်းရင်းသား ပါတီတွေထဲမှာ တက်ရောက်နိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်နေရာ အများဆုံးရထားတာပေါ့”
ပြည်သူ့လွှတ်တော်မှာ NLD ပါတီက ကိုယ်စားလှယ် ၂၅၅ ဦး၊ USDP က ၃၀ ၊ANP ပါတီက ၁၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂ ဦး၊ စုစုပေါင်း နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ် ၃၂၁ ဦးနဲ့ တစ်သီးပုဂ္ဂလ ၃၂၂ ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ NlDပါတီက ၁၃၅ ဦး၊ USDP က ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၁ ဦး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ နိုင်ငံရေးပါတီ ၉ ပါတီက ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ တစ်သီးပုဂ္ဂလ ၂ ဦး၊ စုစုပေါင်း ၁၆၉ ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။
လာမယ့်လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေနည်းနေတဲ့အတွက် ပါတီစုံ ဒီမိုကရေစီစနစ်လွှတ်တော်ကို ကိုယ်စားပြုနိုင်မလား ဆိုတာကိုယ်လည်း ဒေါ်ခင်စောဝေက ပြောဆိုထားပါတယ်။
0 comments:
Post a Comment