စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၇ ရက်
ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်ကြောင်း ယူဆချက်နှင့် ဖမ်းဆီးထားတဲ့ ရခိုင်လူငယ်တွေထဲက တချို့ကို လာမယ့် သီတင်းပတ်အတွင်း ရုံးတင် စစ်ဆေးသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“AA နဲ့ ဆက်စပ်သူ ဖမ်းဆီးခံတွေထဲက တချို့ကို လာမယ့် သီတင်းပတ်အတွင်းမှာ ရုံးထုတ် စစ်ဆေးသွားပါမယ်။ ပထမဦးဆုံးအနေနဲ့ တပ်မတော်ဘက်က ရဲတပ်ဖွဲ့ဘက်ကို လှမ်းပြီး လွဲပြောင်းပေးထားတာ ရှိတယ်လေ။ တောင်ကုတ်မှာ ဖမ်းဆီးခဲ့တဲ့အထဲက ၂ ဦးနဲ့ နောက်တစ်ဦး အမ်းမြို့နယ်ဘက်က ဖမ်းဆီးရရှိခဲ့တာ ပေါင်း ၃ ဦးပေါ့။ သူတို့ကို တောင်ကုတ်တရားရုံးမှာ စစ်ဆေးမယ်။ တပ်မတော်ဘက်က စွဲချက်တင်တာက မတရားအသင်းဆက်သွယ်မှုနဲ့ပေါ့။ နောက်တစ်မှုက ဆက်သွယ်ရေး စက်ပစ္စည်းတွေ ခိုးယူမှုနဲ့ပေါ့” လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက RiA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် AA နဲ့ ဆက်စပ်သူများလို့ ယူဆပြီး ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၁၉ ဦးထိရှိကြောင်း ရခိုင်အမျိုးသားပါတီက သတင်းထုတ်ပြန်ထားပေမယ့် RiA ရဲ့ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ် တိုက်ပွဲများဆိုင်ရာ နောက်ဆက်တွဲ သတင်းမှတ်တမ်းများအရ ၁၆ ဦးသာ ရှိပါတယ်။
အဆိုပါ လူငယ်များကို ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ အမ်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ ၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေက ဇန်န၀ါရီ ၈ ရက်နေ့ကစတင်ကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံ လူငယ် အနည်းဆုံး ၁၆ ဦးအနက် ၃ ဦးကိုသာ ပြည်ထဲရေးဘက်ကို တပ်မတော်ဘက် လွဲပြောင်းပေးထားပြီးရုံးတင် စစ်ဆေးသွားဖို့ စီစဉ်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
AA နဲ့ ဆက်စပ်သူများလို့ ယူဆပြီး ရခိုင်လူငယ်တွေကို ဖမ်းဆီးနေမှုများနဲ့ ပတ်သက်ပြီး အမြန်ဆုံးရပ်တန့်ဖို့ အချက် ၅ ချက်ပါ တောင်းဆိုမှုတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့တဲ့ စစ်တွေမြို့ အရပ်ဖက်အဖွဲ့ပေါင်းစုံ အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
ကြေညာချက်တွင် “ လက်ရှိ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဖမ်းဆီးနေခြင်းကို ရပ်တန့်ပေးရန် ၊ ဥပဒေနှင့် မညီညွတ်သော ဖမ်းဆီးခံနေရသူများကို အမြန်ဆုံးလွှတ်ပေးရန်၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့ အစိုးရတပ်မတော်တို့ နှစ်ဦးနှစ်ဘက် အမြန်ဆုံး အပစ်အခတ် ရပ်စဲရန်၊ မြန်မာနိုင်ငံတွင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆောင်ရွက်ခြင်းကို အမြန်ဆုံးဖော်ဆောင်ရန်၊ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP မှ ဖမ်းဆီးခံများကို NCA သဘောတူညီချက်နှင့်အညီ အမြန်ဆုံး လွှတ်ပေးရန် တို့ ပါရှိပါတယ်။
0 comments:
Post a Comment