Tuesday, January 26, 2016

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရှိ တိုင်းရင်းသား အမတ်များတွင် ရခိုင်တိုင်းရင်းသား အများဆုံး ပါဝင်သည့်အတွက် ဂုဏ်ယူဟု ANP ၏ ပြည်သူ့လွှတ်တော် အမျိုးသမီးအမတ်ဆို

နေပြည်တော်/RiA ၊ ဇန်န၀ါရီ ၂၆ ရက်

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ကျင်းပတော့မယ့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရှိ တိုင်းရင်းသားပါတီများ အနက် ရခိုင်အမျိုးသားပါတီ ANP မှ လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံး ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းပဲ ဂုဏ်ယူပါတယ်လို့ ANP ရဲ့ ပြည်သူ့လွှတ်တော် ဒေါ်ခင်စောဝေက RiA ကို ပြောဆိုလိုက်ပါတယ်။


“ လွှတ်တော်ထဲမှာ အန်တီတို့ ပါတီဝင်တွေက စုစုပေါင်း ၂၂ ဦး ပါဝင်ခွင့်ရတာ၊ အမျိုးသားလွှတ်တော်က ၁၁ ဦး၊ ပြည်သူ့လွှတ်တော်က ၁၁ ဦး၊ လွှတ်တော်တစ်ခုစီမှာ အမျိုးသမီးတစ်ဦး ကျစီ ပါဝင်တယ်၊ လွှတ်တော်ထဲမှာ ရခိုင်ပြည်နယ်အရေးအတွက် တောင်းဆိုတဲ့ နေရာမှာ ထောက်ခံမယ့်သူတွေလည်း များသွားတာပေါ့”
 
ရခိုင်အမျိုးသားပါတီ ANP တစ်ပါတီတည်းသာ တိုင်းရင်းသားပါတီများအနက် လွှတ်တော်အမတ် အများဆုံး ပါဝင်ခွင့်ရသည့် ပါတီ တစ်ခုဖြစ်ပြီး၊ ကျန်တိုင်းရင်းသားပါတီများမှာ ၂၀၁၀ လွှတ်တော် အခင်းကျင်းထက် ပိုမိုနည်းသွားကြတယ်လို့လည်း ဒေါ်ခင်စောဝေက ဆိုပါတယ်။
 
“ အရင်တုန်းက ဆိုရင်တော့ လွှတ်တော်ဟာ တိုင်းရင်းသားလူမျိုးတွေထဲမှာ ပါတာဆိုလို့လည်း NLD ကို ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားတွေပဲ ပါဝင်ပါတယ်၊ ပထမ  တစ်ပါတီ လွှတ်တော်စနစ်ထဲမှာတောင်မှ တိုင်းရင်းသားတွေပါသေးတယ်။ ခုက NLD တစ်ပါတီပဲ လွှတ်တော်ကို သိမ်းကြုံးသွားသလိုပါပဲ။ အန်တီတို့ကတော့ ရခိုင်ပါတီတစ်ခုပဲ အတိုက်အခံလုပ်ရမလို့ဖြစ်နေတယ်။ အန်တီတို့ကတော့ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ဆိုရင်တော့ အကျိုးတူ ပူးပေါင်းသွားမှာပဲ”
 
ရခိုင်အမျိုးသားပါတီ ANP မှ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအမည်နဲ့ ၂၀၁၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က အမျိုးသား လွှတ်တော်တွင် ၇ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၉ ဦး၊ စုစုပေါင်း  ၁၇ ဦးနေရာရ ရှိခဲ့ပြီး၊ တစ်ဦးမှာ ပြည်ခိုင်ဖြိုးက တရားစွဲပြီး ထွက်ခွာခဲ့ရပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူလွှတ်တော်တို့မှ ကိုယ်စားလှယ် နှစ်ဦး မှာ လွှတ်တော် သက်တမ်းမပြီးဆုံးမည် သေဆုံးခဲ့ကြရလို့ စုစုပေါင်း ၁၃ ဦးသာ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောပါတယ်။
 
ယခု ကျင်းပမယ့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင်လည်း ယခင် အစိုးရလက်ထက်  ပြည်သူ့လွှတ်တော် အမတ် ၃ ဦးနှင့် အမျိုးသားလွှတ်တော်မှာလည်း ၃ ဦးစီ ပါရှိကြပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ၊ ယခင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ ဦးအေးမောင်ကတော့ မာန်အောင် မဲဆန္ဒနယ်မှာ ရှုံးနိမ်ခဲ့တဲ့ အတွက် ယခုကျင်းပမယ့်  လွှတ်တော်မှာ ပါဝင်ခွင့် မရှိတော့ဘူးလို့ သိရပါတယ်။
 
ရခိုင်အမျိုးသားပါတီရဲ့ ထူးခြားချက်တစ်ရပ်အနေနဲ့ ၂၀၁၀၊၂၀၁၅ မှာပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွတ်တော် အမတ် ဒေါ်ခင်စောဝေဟာ နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top