စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၇ ရက်
ရခိုင်ပြည်နယ်အတွင်းမှာ ပညာသင်ကျောင်း အဆောက်အဦ လိုအပ်တဲ့ မြို့နယ်တချို့ကို Lutheran World Federation နှင့် UN အဖွဲ့အစည်းတို့က မြို့နယ် ၄ ခုမှာ စာသင်ကျောင်း ၁၂ ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
“ကျွန်တော်တို့ အခုလုပ်နေတဲ့ မူဝါဒတွေဟာ အမြင်ရှင်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နောက်ဆက်ပြီး ဘယ်လိုမျိုး တုန့်ပြန်မှုတွေ ပေးမလဲ။ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်းရှိမယ်။ နောက်တစ်ခုက တာဝန်ခံမှုမှာရော ဘယ်လိုမျိုးတွေ တာဝန်ခံမလဲ။ အစိုးရပိုင်းကလဲ ဘယ်လို အသုံးချမလဲ။ ဒါတွေကို ဆက်လုပ်နေပြီဆိုရင် နောက်ပြုပြင်ဖို့ လိုအပ်တာတွေ ဘာတွေ လုပ်မလဲ။ ကျွန်တော်တို့က ရခိုင်ပြည်နယ်အတွင်း လေးမြို့နယ်က တစ်မြို့နယ်ကို ၃ ကျောင်းစီ ကျောင်း ၁၂ ကျောင်း ဆောက်လုပ်သွားမှာပါ။ အခုလောလောဆယ်တော့ တစ်ကျောင်းပဲ လွှဲအပ်ရပါသေးတယ်။ နောက်ကျောင်းတွေကိုလည်း ဆက်လုပ်ဦးမှာဖြစ်ပါတယ်” လို့ LWF စီမံကိန်းတာဝန်ခံ Mr- Bhoj Raj Khanal က RiA ကို ပြောပါတယ်။
စာသင်ကျောင်းများ တည်ဆောက်နေတဲ့ နေရာတွေကတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း မြို့နယ်များ ဖြစ်ပြီး စစ်တွေတွင် ပါဒလိပ် အထက၊ ဆင်ကူလမ်း အလက၊ အမြင့်ကျွန်း အမက ဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ်တွင် အောင်ဒပ်၊ ဗန္ဒုလ၊ ချောင်းသစ်ကျောင်း တို့ကို လည်းကောင်း၊ ပေါက်တောမြို့နယ်တွင် မော်ထုတ်ကြီး၊ ငဝစွယ်၊ ငွေတွင်းတွေ ကျောင်းများကို လည်းကောင်း ဖြစ်ကာ အမ်းမြို့နယ်တွင် အထက (၂)၊ အမက စခန်းမော်၊ အလကဂယ်လောင်း တို့ ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အဆိုပါအဖွဲ့အစည်းများမှ ၎င်းမြို့နယ်များတွင် ဆရာ၊ ဆရာမ မရှိတဲ့ ပညာသင်ကျောင်းတွေ အတွက် ပြင်ပဆရာ၊ ဆရာမများ အပြင် ပညာရေး ဝန်ထမ်းများကိုလည်း ထောက်ပံ့မှုများ ပြုလုပ် ထားကြောင်းလည်း သိရပါတယ်။
ရခိုင်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက “ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းဆောင်ပေါင်း ၃ ထောင်ကျော် ရှိပါတယ်။ ဒီအထဲမှာ တစ်ထောင်ကျော်က ပြိုပျက်နေပြီး ပြန်လည် ပြုပြင်ဖို့ လိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment