စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၅ ရက်
ယမန်နေ့ ဇန်န၀ါရီ ၂၄ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်က ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်စပ်သူလို့ စွပ်စွဲပြီး စစ်တွေမြို့တွင် ထပ်မံ ၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံခဲ့ရသူမှာ မင်းဂံရပ်ကွက် အကွက် (၃) တွင် နေထိုင်သူ (အမည်ကို စုံစမ်းနေဆဲ) ဖြစ်ပြီး ၎င်းကို ကန်တော်ကြီးရပ်ကွက် အကွက် ၂၊ မင်းဂံရပ်ကွက် ဆင်းလမ်း အလင်းကြယ် လက်ဘက်ရည်ဆိုင်ကနေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အလင်းကြယ် လက်ဘက်ရည်ဆိုင် ပိုင်ရှင်ဖြစ်သူ ဒေါ်မီရာဇာခိုင်က RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

"ကိုယ့်ဆိုင်မှာ လက်ဘက်ရည် လာသောက်သူတွေက များတော့ ဘယ်သူဘာလဲ ဆိုတာ မသိပါဘူး။ ဒါပေမယ့် လက်ဘက်ရည်သောက်နေစဉ် လာရောက် ဖမ်းဆီးခဲ့တယ်လို့ ဆိုင်ဝန်ထမ်းတွေက ပြောပါတယ်။ ကျမလည်း အဲဒီအချိန်တုန်းက မရှိပါဘူး"
ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးကွန်ရက် ဒေါ်ညိုအေးက " သူ့ကို လုံထိန်းက ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ပစ္စတိုနဲ့ ထောက်ပြီး ဖမ်းတာလို့ ပြောပါတယ်။ ခုလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီးတော့ တကယ်ပဲ စိုးရိမ်မိပါတယ်'' လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် AA နဲ့ ဆက်စပ်သူလို့ စွပ်စွဲပြီး လူငယ်တွေကို ဇန်န၀ါရီ ၈ ရက်နေ့ကနေ ဖမ်းဆီးနေရာ ယနေ့ချိန်ထိ အနည်းဆုံး ၁၄ ဦးကို အတည်ပြုနိုင်ပြီ ဖြစ်ကာ ၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းတော်များအဖွဲ့က တောင်းဆိုထားပြီး သင်္ဃာတော်များက မနက်ဖြန် ဇန်န၀ါရီ ၂၆ ရက်နေ့မှာ စစ်တွေမြို့ အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများကို အစည်းအဝေးတရပ် ခေါ်ယူထားကြောင်း သိရပါတယ်။
0 comments:
Post a Comment