စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၄ ရက်
ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့ကနေ ယနေ့ ဇန်န၀ါရီ ၂၄ ရက်နေ့ထိ ရခိုင်လူငယ် အနည်းဆုံး ၁၃ ဦးခန့်ကို မြန်မာ့တပ်မတော်မှ ဖမ်းဆီးနေမှုများနဲ့ ပတ်သက်၍ ၎င်းတို့ကို ချက်ချင်းလွှတ်ပေးဖို့နှင့် ဖမ်းဆီးမှုကို ရပ်တန့်ဖို့ ရခိုင်သံင်္ဃာတော်များက တောင်းဆိုလိုက်ပါတယ်။

"မြန်မာစစ်တပ်က ထင်သလို ပြုမူနေတာ ပြည်သူတွေကို ဂရုမစိုက်ဘဲ ယခင် စစ်အာဏာရှင်စနစ်က အုပ်ချူပ်ခဲ့သလိုမျိုး ရခိုင်မှာ ထင်ရင်ထင်သလို ရခိုင်လူငယ်တွေကို ခုလို ဖမ်းဆီးနေတာတွေကို ဦးဇင်းတို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ဖမ်းဆီးမှုတွေကို ရပ်ပါ။ ဖမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာ့တပ်မတော်ကို ပြောချင်ပါတယ်" လို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းတော်များ ကူညီစောင့်ရှောက်ရေးအဖွဲ့၊ သာသနာ့ရံစီကျောင်းတိုက်ဆရာတော် ဦးဓမ္မိက က RiA ကို မိန့်ကြားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်န၀ါရီ ၄ ရက်နေ့ထိ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့နောက်မှာ ရခိုင်ပြည်နယ်ရှိ လူငယ်များကို မြန်မာ့တပ်မတော်ဘက်မှ ဖမ်းဆီးမှုများ မြင့်တက်လာပါတယ်။ ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးများ ပါဝင်ခြင်းမရှိဘဲ မြန်မာ့တပ်မတော်မှ တိုက်ရိုက် ဖမ်းဆီးနေတာဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ဦးဓမ္မိက က ဆက်လက် မိန့်ကြားခဲ့ပါတယ်။
"AA နဲ့ ဆက်စပ်တာပဲ ဖြစ်ဖြစ်၊ သံသယ၀င်လို့ပဲ ဖြစ်ဖြစ် တကယ်လို့ ဖမ်းမယ်ဆီးမယ်ဆိုရင် တရားဥပဒေအရ ပွင့်လင်းမြင်သာစွာ ဖမ်းပါ။ ပွင့်လင်းမြင်သာစွာ စစ်ဆေးပါ။ အဲသလို မဟုတ်ဘဲ ခုလို မြန်မာတပ်မတော်က တရားဥပဒေမဲ့ ပြုလုပ်နေတာ ဟာ ပြည်ထောင်စုအဆင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေခြင်းမှာ ကြီးမားတဲ့ ဟန့်တားမှုတစ်ခု ဖြစ်ပါတယ်။"
ယခုလို မြန်မာ့တပ်မတော်ဘက်က ရခိုင်လူငယ် အများအပြားကို ဥပဒေမဲ့ ဖမ်းဆီးမှုများနဲ့ ပတ်သက်ပြီး လာမယ့် ဇန်န၀ါရီ ၂၆ ရက်နေ့မှာ စစ်တွေမြို့နယ်မှာ ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူထုခေါင်းဆောင်များနှင့် ရဟန်းသံင်္ဃာတော်များဟာ အစည်းအဝေးတရပ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
ယင်း အစည်းအဝေးမှာ လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင်လူငယ်များကို ဖမ်းဆီးနေမှုများ ရပ်တန့်ရန်၊ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်များကို အမြန်ဆုံး လွှတ်ပေးရန်၊ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်ကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြားခံညှိနှိုင်းကော်မတီတစ်ခု ဖွဲ့စည်းရန် စတာတွေကို ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:
Post a Comment