Friday, January 22, 2016

စက်ရုံစုအကွက် (၃) ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ မင်းဂံရပ်ကွက် ပြောင်းရွေ့မှု ကလေးငယ်များ ပညာသင်ကြားရေး ခက်ခဲမှု အပါအဝင် တခြားအဆင်မပြေမှုများရှိနိုင်

2012 ပဋိပက္ခဒုက္ခသည်များ အတွက် နေရာသစ် (ဓာတ်ပုံ - MoeAung/RiA)
စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၂ ရက်

၂၀၁၂ အလွန် ပဋိပက္ခ တိမ်းရှောင်ဒုက္ခသည်တွေ အဖြစ် စက်ရုံစုရပ်ကွက် ကယ်ဆယ်ရေး စခန်းမှာ နေထိုင်တဲ့ သူတွေကို ပြည်နယ် အစိုးရဲ့ အစီစဉ်နဲ့ မင်းဂံရပ်ကွက် အကွက် (၁၀) အနီးမှာ လုံးချင်း အိမ်ရာတွေအဖြစ် အိမ်ထောင်စု ၁၅၁ စုကို ဇန်နဝါရီ ၂၁ ရက်နေ့ ကနေ စပြီး မဲစနစ်နဲ့ အလှည့်ကျပြောင်းရွေ့ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။


ကနဦး ပြောင်းရွေ့နေထိုင်မှုအဖြစ် စက်ရုံစုရပ်ကွက် ဒုက္ခသည် စခန်း (၃) က အိမ်ထောင်စု ၁၅၁ စုအနက် အိမ်ထောင်စု ငါးဆယ်ကို မဲစနစ်နဲ့ မဲပေါက်တဲ့သူတွေကို ပထမ ပြောင်းရွေ့နေထိုင်ခွင့် ပေးတာဖြစ်ပြီး လတ်တလော ပညာသင်ကြားနေတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားမှုကို အခက်ခဲဖြစ်စေနိုင်တယ်လို့ ဒုက္ခသည် စခန်းကော်မတီ ဦးကျော်အေးက ဆိုပါတယ်။

“ စခန်းထဲမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေရှိတယ် ခုက စာမေးပွဲ စစ်မယ့် ရာသီလည်း နီးနေပြီ ၊ မင်းဂံရပ်ကွက် ကနေပြီး ဒီဆီတန်း စခန်းအထိ လာပြီး ပညာသင်ကြားရမယ်ဆိုတော့ ကလေးငယ်တွေ အတွက် အခက်ခဲရှိနိုင်တယ် ၊ တစ်ချို့ ကလေးငယ်တွေ ဆိုလည်း စက်ရုံစု အထက်တန်းကျောင်းမှာ တက်ကြတယ်”
အိမ်သစ်တက်စ ရေချမ်းအိုးနဲ့ အတူတွေ့ရတဲ့ ကလေးငယ် (ဓာတ်ပုံ - MoeAung/RiA)

စက်ရုံစု ဒုက္ခသည်စခန်းမှာ လက်ရှိ ပညာသင်ကြားနေတဲ့ ကလေးငယ်ပေါင်း တစ်ရာကျော်ခန့်ရှိပြီး၊ တချို့ ပြောင်းရွေ့မှုမှာပါတွေ သူတွေအနေနဲ့ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေကို စခန်းမှာရှိတဲ့ ဆရာမတွေ ဆီကိုပဲ အပ်နံ့ခဲ့တယ်လို့လည်း သိရပါတယ်။

မင်းဂံရပ်ကွက်မှာ လက်ရှိ နေထိုင်ရမယ့် နေရာမှာလည်း အိမ်ထောင် ဆယ်စုလျှင် ရေတုံကင်က တစ်ခုတည်းမို့ သောက်သုံးရေ အဆင်မပြေမှုတွေလည်း ဖြစ်နိုင်တယ်လို့ ပထမ ဆုံးပြောင်းရွေ့မှုမှာ ပါဝင်တဲ့ ဦးနီမောင်က  ဆိုပါတယ်။

“ သောက်သုံးရေး ပြသနာအပြင် လျှပ်စစ်မီး ပြသနာတွေလည်း ရှိနိုင်ပါတယ်၊ မြိုထဲနဲ့လည်း အလှမ်းဝေးတော့ ကျပန်း လုပ်သားတွေ အတွက် မြို့ထဲသွားပြီး အလုပ်လုပ်ကြရတာတွေကို အခက်ခဲ ရှိစေပါတယ်”

စက်ရုံစုရပ်ကွက်မှာ ရှိတဲ့ ကလေးငယ်များရဲ့ ပညာသင်ကြားရေးနဲ့ ပါတ်သက်ပြီး သွားရေးလာရေး လွယ်ကူစေရန် အတွက် အခမဲ့ ကားဖယ်ရီ စီစဉ်ပေးထားတယ်လို့လည်း ဒုက္ခသည်များ မပြောင်းရွေ့မည် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေ ပြောကြားခဲ့တယ်လို့လည်း ဦးကျော်အေးက ပြောပါတယ်။

စက်ရုံစုဒုက္ခသည်စခန်းဟာ ၂၀၁၂ အလွန် ပဋိပက္ခတိမ်းရှောင် ဒုက္ခသည်များကို လုံးချင်းနေအိမ်ရာ ချထားမှု၌ စစ်တွေမြို့ တိုင်းရင်းသား ဒုက္ခသည်စခန်းများအနက် တစ်ခုတည်း ကျန်ရှိရစ်သော စခန်းလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ စခန်းရဲ့ မှတ်တမ်းများအရ လူဦးရေ ၆၄၈ ဦးရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top