Friday, January 8, 2016

ရခိုင်စစ်အတွင်း ပေါ်တာဆွဲခံရသူတချို့ ပြန်လည် လွတ်မြောက်လာ

ကျောက်တော် ၊ ဇန်န၀ါရီ ၈ ရက်

 ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ တွင် ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်များရဲ့ တိုက်ပွဲများအတွင်း ပေါ်တာဆွဲခံထားရသူတချို့ ဒီကနေ့ ဇန်န၀ါရီ ၈ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။


လွတ်မြောက်လာသူများရဲ့ ပြောကြားချက်အရ ၎င်းတို့မှာ ပလက်ဝမြို့နယ်၊ မောင်နှမချောင်းထဲတွင် ထင်းခုတ်နေကြစဉ် မင်းပြားအခြေစိုက် ခမရ ၃၈၀ တပ်ရင်းရဲ့ ပေါ်တာဆွဲခြင်းကို တောင်ဦးရွာသား ၃ ဦး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်တို့ကို ပေါ်တာမဆွဲခင် တစ်ရက်က အတူတူလုပ်နေကြတဲ့ တစ်ဖွဲ့ကပြန်သွားတယ်။ အခြေနေမကောင်းဘူး။ နောက်က လိုက်လာခဲ့ဆိုပြီး စားရေးထားခဲ့ပါတယ်။ ကျွန်တော်တို့တဲ့ကို ပြန်ရောက်တော့ နေမှောင်နေပြီ။ အဲဒီညမှာပဲ စစ်တပ်က ရောက်လာပြီးတော့ ခေါ်သွားတာ။ အထုပ်တွေထမ်းခိုင်းတယ်။ စားရတာကတော့ စစ်သားတွေစားသလိုပဲ စားရပါတယ်။ အားလုံး ၁၀ ရက်ကြာခဲ့ပါတယ်။ ရွာကို ၁၂ ရက်မြောက်မှ ပြန်ရောက်တာပါ။” လို့ ပေါ်တာဆွဲခံခဲ့ရသူ တောင်ဦးရွာသား ဦးစိန်ထွန်းလှက RiA ကို ပြောပါတယ်။

ဒါ့အပြင် သူတို့ ပေါ်တာဆွဲခံထားရချိန်မှာ ခမရ ၃၈၀ တပ်ရင်းမှ ရမ်းချောင်းဖျား၊ ၀က်သတိုးတောင်ပေါ်တွင် အခြား ပေါ်တာဆွဲခံထားရသူ တချို့ကို တွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ ကျောက်တော်မြို့နယ် ရွာမပြင် ကျေးရွာမှ ဖြစ်ပြီး သူတို့ကို နောက်စစ်ကြောင်းတစ်ခုက ပေါ်တာဆွဲထားခြင်းဖြစ်ကြောင်း အားလုံးစုစုပေါင်း ၇ ဦးခန့်ထိ ရှိနိုင်ကြောင်း ဦးစိန်ထွန်းလှက သူကြုံတွေ့ခံရမှုများကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဒီကနေ့ချိန်ထိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း ပေါ်တာဆွဲမှုများ ရှိနေပြီး ယင်းကိစ္စများနှင့် ပတ်သက်ပြီး အစိုးရတပ်နှင့် ရက္ခိုင့်တပ်မတော်များမှာ တစ်ဘက်ကိုတစ်ဘက် အပြန်အလှန် စွပ်စွဲမှုများ ရှိနေပေမယ့် ယခု လွတ်မြောက်လာသူများ ပြောကြားချက်အရ သူတို့တွေကို အစိုးရတပ်မတော်များဘက်မှ ပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
 
စစ်မက်ဖြစ်ပွားရာ အနီးတ၀ိုက် ဒေသများမှ သတင်းရယူနေတဲ့ RiA ရဲ့ မြေပြင်သတင်းရင်းမြစ်များအရ - သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ်တာခေါ်ယူခြင်းဟာ အတည်ပြုရန် ခက်ခဲနေပြီး ဒေသခံများကို လမ်းပြအဖြစ် အသုံးပြုရန် အကူအညီတောင်းခံနေမှုများအပေါ် ဒေသခံများရဲ့ ဖွင့်ဆိုရှင်းလင်းမှုတချို့ လွဲမှားခြင်းသာ ဖြစ်နိုင်ကြောင်း၊ လမ်းပြအကူအညီ ရယူခြင်းတွင် နှစ်ဘက်သော တပ်မတော်များရဲ့ စစ်ကြောင်းများအားလုံးက အသုံးပြုမှုများလည်း ရှိနေကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top