တောင်ကုတ်၊ ဇန်န၀ါရီ ၉ ရက်
ရက္ခိုင့်တပ်မတော် Arakan Army (AA) ရဲ့ တပ်မတော်သား ၂ ဦးကို ယမန်နေ့က တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူ တပ်မတော်သား ၂ ဦးရဲ့ ရာထူးနှင့် ပတ်သက်ပြီး RiA က
အတည်ပြုရန် ကြိုးစားနေပြီး ၎င်းတို့ ၂ ဦးကို အောင်သစ္စာ အဝေးပြေးယာဉ်ကနေ
နယ်မြေခံရဲတပ်ရင်းက သတင်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
RiA ရဲ့ သတင်းရင်းမြစ်များအရ အဆိုပါ အောင်သစ္စာ အဝေးပြေးယာဉ်ပေါ်တွင် AA ရဲ့
တပ်မတော်သား ၄ ဦး စီးနင်းလိုက်ပါလာပြီး ၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကာ
ကျန် ၂ ဦးမှာ လွတ်မြောက်သွားကြောင်း၊ ဖမ်းမိခံခဲ့ရသူ ၂ ဦးမှာ မင်းပြား မှ
၁ ဦးနှင့် ကျောက်တော်မြို့နယ်မှ ၁ ဦး ဖြစ်ကြောင်း သိရပါတယ်။
“ဖမ်းတာက မနေ့က ဖမ်းတယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ
သူတို့နှစ်ယောက်ကို ရုံးထုတ်လာပါတယ်။ တရားရုံးတင်ပြီးတော့ မျက်နှာတွေကို
ပုဝါနဲ့ချုပ်ပြီးတော့ အစိုးရတပ်က တပ်မတော်သုံးကားနဲ့ တပ်ထဲကို ခေါ်သွားတာကို
တွေ့လိုက်ပါတယ်။ ဘယ်ရာထူးလဲ၊ ဘယ်သူတွေလဲဆိုတာကိုတော့ မသိရသေးဘူး။” RiA ရဲ့
ခိုင်လုံတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ AA
တပ်မတော်သား ၂ ဦးကို ဒီကနေ့ ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်မှာ
တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ပြီး ၁၁
နာရီခွဲခန့်အချိန်တွင် အစိုးရတပ်မတော်သုံးယာဉ်နှင့် ပြန်လည်
ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ဒီကနေ့ ဇန်န၀ါရီ ၉ ရက်နေ့ဟာ
စနေနေ့ဖြစ်ပြီး နိုင်ငံတော် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီကနေ့မှာ
ရုံးတင်စစ်ဆေးခဲ့တယ်ဆိုတာ ဥပဒေနှင့် သွေဖီနေတယ်လို့ တောင်ကုတ်မြို့နယ်
ရှေ့နေများက ပြောပါတယ်။
အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲစခန်းကို RiA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပါဘူး။
ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်များဟာ ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ် အနီးတ၀ိုက်များတွင် ၂၀၁၅ ခုနှစ်
ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဇန်န၀ါရီ ၄ ရက်နေ့ထိ ထိတွေ့တိုက်ပွဲ ၁၅
ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း အစိုးရ တပ်မတော်မှ သတင်းထုတ်ပြန်ထားပြီး
အဆိုပါ တိုက်ပွဲအတွင်း အစိုးရတပ်မတော်ဘက်မှ ၂၀၀ ဦးထက်မနည်း ကျဆုံးပြီး ၃၀၀
ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ဇန်န၀ါရီ ၈ ရက်နေ့ အစိုးရပိုင် သတင်းမီဒီယာတွေဖြစ်တဲ့
မြန်မာ့အလင်း၊ ကြေးမုံနှင့် မြန်မာ့အသံ၊ မြ၀တီရုပ်မြင်သံကြားများမှ
ရက္ခိုင့်တပ်မတော်ကို အပြီးတိုင် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ခဲ့သလို
ရက္ခိုင်တပ်မတော် Arakan Army ဘက်ကို စွပ်စွဲထားတဲ့ ဒေသခံများကို ပေါ်တာဆွဲ
ဖမ်းဆီးမှုများ ရှိနေတယ်ဆိုတာနှင့် ပတ်သက်ပြီးတော့လည်း AA က ငြင်းဆိုထားတဲ့
ကြေညာချက်တစ်စောင်ကို ယမန်နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
0 comments:
Post a Comment