မြောက်ဦး၊ ဇန်န၀ါရီ ၇ ရက်
လက်ရှိ ဖြစ်ပွားလျှက်ရှိသည့် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပေးရေးအတွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဆုတောင်းပွဲ တစ်ရပ်ပြုလုပ်ကာ
စစ်ပွဲများရပ်တန့်ရေးနှင့် ပါတ်သက်ပြီး တောင်းဆိုမှုများကိုလည်း ပြုလုပ်
သွားခဲ့ကြောင်း သိရသည်။
အဆိုပါ
ဆုတောင်းပွဲကို ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁ နာရီတွင် စတင်ပြုလုပ်ခဲ့ကာ
၂း၃၀ အချိန် အဆုံးသတ်ခဲ့ပြီး သျှစ်သောင်း ဘုရားရင်ပြင်တော်၌
တိုက်ပွဲများတွင် ကျဆုံးသွားခဲ့သူများအား ဆုတောင်းမေတ္တာပို့ အမျှဝေပြီး
ပုထိုးတော်ကြီး၏ မြောက်ဘက်မုခ်မှ ဆရာတော်ဦးဥတ္တမပန်းခြံသို့ လမ်းလျှောက်ကာ
မြို့ဦးခေါင်း ဆရာတော်က စစ်ပွဲများရပ်တန့်ပေးရေးအတွက် လူထုတောင်းဆိုမှု
တစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“အရင်ဆုံး
သျှစ်သောင်းဘုရားရင်ပြင်မှာ ဆုတောင်းတယ်။ ပြီးတော့ ဦးဥတ္တမပန်းခြံထဲ
လမ်းလျှောက်လာပြီးတော့ တောင်းဆိုမှုတွေကို လုပ်ပါတယ်။ တောင်းဆိုတဲ့
အချက်တွေကတော့ ပြည်တွင်းစစ်အမြန်ဆုံး ရပ်တန့်ပေးရေး။ တိုင်းရင်းသား
တန်းတူရေး။ အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မပေါ်တာ မဆွဲရေး။
တိုင်းရင်းသားများ ငြိမ်းချမ်းရေး။ ဒါတွေကို တောင်းဆိုပါတယ်။
နောက်တစ်ချက်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံရေးဆွေးနွေးပွဲသို့
ဖိတ်ခေါ်ဆွေးနွေးရေး ဆိုတဲ့အချက်ကိုပါ ထည့်သွင်း တောင်းဆိုခဲ့ပါတယ်။
ဒါကတော့ ခွင့်ပြုချက်မပေးဘူး။ မပေးလည်း တောင်းဆိုဖို့ လိုအပ်တဲ့အတွက်
တောင်းဆိုခဲ့ပါတယ်။”ဟု ဦးကျော်ဝင်းတင်က RiA ကို ပြောသည်။
ယနေ့ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲမှာ မြောက်ဦးမြို့နယ်အတွင်း ဒုတိယအကြိမ်
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊
တခြားစိတ်ဝင်စားသူများ စုစုပေါင်း တစ်ထောင်ကျော်ခန့် တက်ရောက်
ဆုတောင်းခဲ့ကြကြောင်း သူက ဆက်လက် ပြောကြားခဲ့သည်။
ြ
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲများမှာ
တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုကဲ့သို့
တိုက်ပွဲများကို စဉ်ဆက်မပြတ် ဖန်တီးတိုက်ခိုက်နေခြင်းမှာ
တိုင်းရင်းသားများအား နှိပ်ကွပ်နေခြင်း သာဖြစ်ကြောင်း
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးရာတွင်လည်း လက်နက်ကိုင်တပ်များအားလုံး
တစ်သဘောတည်းထားကာ ခေါ်ယူဆွေးနွေးသင့်ကြောင်းကိုလည်း အဆိုပါ
ဆန္ဒဖော်ထုတ်ပွဲတွင် ထည့်သွင်းဟောပြောခဲ့ကြကြောင်း သိရသည်။
0 comments:
Post a Comment