Saturday, January 9, 2016

နိုင်ငံတော်မှ သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သက်၍ ပြန်လည်ရရှိနိုင်ရေး တောင်ကုတ်တွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

တောင်ကုတ် ၊ ဇန်န၀ါရီ ၉ ရက်

 တောင်ကုတ်မြို့နယ်အတွင်း သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ပြန်လည် ရရှိနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တောင်ကုတ်မြို့နယ် ဓမ္မ၀ိဇယ မြို့နယ်ဓမ္မာရုံကြီးတွင် ဇန်န၀ါရီ ၈ ရက်နှင့် ၉ ရက်နေ့များက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့နယ် လယ်သမားများ အစည်းအရုံးမှ ကိုရွှေကိုဝင်းက RiA ကို ခုလို ပြောပါတယ်။

“တောင်ကုတ်မှာ သိမ်းဆည်းခံထားရတဲ့မြေတွေနဲ့ ပါတ်သက်ပြီးတော့ လယ်ယာမြေ ဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မနေ့ကပြုလုပ်ခဲ့ပါတယ်။ အဓိကဆွေးနွေးခဲ့တာက လက်ရှိပြဌာန်းထားတဲ့ မြေယာဥပဒေနဲ့ဆိုင်တဲ့ ကိစ္စတွေပါ။ ဥပဒေနဲ့ ပါတ်သက်ပြီးတော့ ဂွက တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဝင်ရောက်ဆွေးနွေးမှုတွေ လုပ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို စီစဉ်တာကတော့ တောင်သူလယ်သမားအစည်းအရုံးကပဲ စီစဉ်တာပါ။”
တောင်ကုတ်ဒေသခံတွေပိုင်ဆိုင်တဲ့ လယ်မြေဧက ၉၀၉.၅ ဧက ခန့်ကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ မြေစာရင်းဌာန၊ မြို့နယ်အုပ်ချူပ်ရေးဌာန၊ ဆက်သွယ်ရေးဌာန၊ မြို့နယ်လျှပ်စစ်ဌာနနှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တချို့က သိမ်းဆည်းထားခြင်းဖြစ်ကြောင်း တောင်ကုတ် လယ်သမားများ အစည်းအရုံးက ပြောပါတယ်။

“လက်ရှိသိမ်းဆည်းခံထားရတဲ့ မြေယာစာရင်းကတော့ ကျွန်တော်တို့ဆီကို ရောက်နေတာက ၉၀၉.၅ ကျော်ရှိပါတယ်။ အိမ်ရာမြေကွက်ကတော့ ၅၇ ကွက်ရှိပါတယ်။ ဆက်သွယ်ရေးကနေပြီးတော့ မြေအောက်ကြိုးမြှုပ်တဲ့အခါ နစ်နာခဲ့ကြရတဲ့ ဥယျဉ်မြေကတော့ ၈၄၃၀၆ ပေကျော် ရှိပါတယ်။ အမ်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့သူတွေ ပို့ပေးထားတဲ့ စာရင်းကတော့ ၁၀၂.၈၇ ဧက ကျော် ရှိနေပါတယ်။ အမ်းမှာကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အမှတ် (၂) စစ်ဗျူဟာစခန်း တည်ဆောက်ဖို့အတွက် ဆိုပြီးတော့ သိမ်းဆည်းထားတာ ဖြစ်ပါတယ်” လို့ ကိုရွှေကိုဝင်းက ထပ်လောင်း ပြောကြားပါတယ်။

အဆိုပါ သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်ပြီး မြေသိမ်းခံတောင်သူများက ပြန်လည်ရရှိဖို့ လက်ရှိ အစိုးရကို အကြိမ်ကြိမ် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ်လည်း ယခုချိန်ထိ တစုံတရာ တုံ့ပြန်မှု မရရှိသေးကြောင်း သိရပါတယ်။

 ဆွေးနွေးပွဲကို သိမ်းဆည်းခံ တောင်ကုတ် လယ်မြေပိုင်ရှင် ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် သိမ်းဆည်းလယ်ယာမြေများ ပြန်လည် ပေးအပ်နိုင်ရေး လွှတ်တော်တွင်း တောင်းဆိုမှုများကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ကာ လယ်ယာမြေများ ပြန်လည် ပေးအပ်နေပေမယ့် မူလပိုင်ရှင်များထံသို့ အမှန်တကယ် ရောက်ရှိမှု မရှိဖြစ်နေကြောင်း ၈၈ ပွင့်လင်းအဖွဲ့အစည်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ သိမ်းဆည်းမြေ ဧက ၁ သိန်းခန့်ကို ပြန်လည် ပေးအပ်သွားဖို့ ကတိပြု ပြောကြားထားပြီး ဖြစ်ပေမယ့် အစိုးရ အာဏာလွှဲပြောင်းခြင်း ပြုလုပ်ရန် နီးကပ်လာချိန်ထိ ပြန်လည်ပေးအပ်ရန် လယ်မြေ ဧက ၅၀၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြန်လည် ပေးအပ်ရန် ကျန်ရှိ သိမ်းဆည်းလယ်ယာမြေ ၃၅၀၉၉၁ ဧက ထိ ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top