Thursday, January 21, 2016

သစ်ငုတ်ကို ရွှေချလို့ လှနိုင်ပါ့မလား

နေသော်/Root Investigative Agency
 “ ရခိုင်ပြည်နယ်မှာ ဘယ်ပါတီ၊ ဘယ်အစိုးရပဲ တက်တက် ကျနော်တို့ရဲ့ခြေကို ကိုင်ရမှာပါ၊ ကျနော်တို့ မပါဘဲ ဘာမှ ပြုလုပ်လို့ မရပါဘူး” လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ ညနေ ရွေးကောက်ပွဲ ရလဒ်များ တချို့တ၀က် ရှေ့ပြေးထွက်ပေါ်လာခဲ့ချိန်က ANP ဗဟိုဌာနချူပ်မှာ RiA ကို ပြောကြားခဲ့ပါတယ်။
ဦးခိုင်ပြည်စိုး မျှော်လင့်ခဲ့သလို ရခိုင်ပြည်နယ်က  ရခိုင်အမျိုးသားပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့စည်းရေးဟာ ရခိုင်ပြည်နယ်မှာ လွယ်ကူစွာတော့ ဖြစ်မလာခဲ့ပါ။


ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို မှန်းခဲ့ပေမယ့် NLD ဘက်က ပြည်နယ်/တိုင်းဒေသတွေမှာ NLD ပါတီဝင် ဒေသခံ တိုင်းရင်းသားကိုသာ ရွေးချယ်မယ်ဆိုတဲ့ မူဝါဒကြောင်း ဝန်ကြီးချုပ်နေရာကို ထပ်မံ ဝေးနေရပါသေးတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လောင်းလျာအဖြစ် တစ်ပေးခံထားရတဲ့ ရခိုင်ပြည်နယ် NLD ဥက္ကဌ ဦးညီပုနဲ့ အဖွဲ့ဟာ ANP ဗဟို ရုံးစိုက်ရာ စစ်တွေမြို့ကို ဇန်နဝါရီ ၁၅ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ ဦးညီပုနဲ့ အဖွဲ့ဟာ မြို့ပေါ်က လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ဒေသရဲ့ အခြေနေတွေကို လေ့လာခဲ့ကြပါတယ်။
စစ်တွေမြို့ပေါ်ကို လာရောက်ခြင်းနဲ့လည်း ပါတ်သက်ပြီးလည်း “မြို့ပေါ်က ပြည်သူလူထုနှင့် ချစ်ခင်ရင်းနှီးစွာ လာရောက် တွေ့ဆုံခြင်းသာဖြစ်ကြောင်း” ဦးညီပုက ပြောကြားခဲ့ပါတယ်။
ဒီလိုအခြေနေမှာ ရခိုင်အမျိုးသားပါတီက NLD ပါတီနဲ့ မြို့ပေါ်က အဖွဲ့စည်းတွေ တွေ့ဆုံခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့မည် ဆိုပြီး ပြောကြားသွားတယ်လို့ ရခိုင်အမျိုးသား ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
အဲ ဒီကြေငြာချက်မှာ အမျိုးသားပါတီက အချက် ၃ ချက်ပါ သဘောထားကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့မှာ -
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးရန် ဆန္ဒရှိပါက ရခိုင်အမျိုးသားပါတီက လက်ခံဆွေးနွေးသွားမည်။
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ အစဉ်တစိုက် ရပ်တည်လာခဲ့သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် မူအရ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချူပ်သည် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်ရမည်ဟု ရပ်တည် ဆုံးဖြတ်ထားသည်။

၃။ ရခိုင်ပြည်နယ်အတွင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ အေိ့ နဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက ရခိုင်အမျိုးသားပါတီသည် မည်သည့် အစိုးရ အဖွဲ့အစည်းတွင် မဆို လုံးဝ ပါဝင်ခြင်းမပြုဘဲ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချူပ်ကို ANP က ကိုယ်စားလှယ်ကို မရွေးချယ်ခဲ့ရင် အတိုက်အခံ ပါတီအဖြစ် ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကြေညာချက်ရဲ့ အဆုံးမှာ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက်လို့ အဓိက ရည်ရွယ်ထားတာကို တွေ့ရပါတယ်။ ကြေညာချက်မှာ လူထုရဲ့အားပါ ပါရှိနေတာမျိုး အသွင်ဆောင်နေပါတယ်။
ဟုတ်ပါပြီ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဘယ်သူတွေနဲ့ ဦးဆောင်ဖွဲ့စည်းဖို့ ANP ပြင်ဆင်နေတာပါလိမ့်။ လက်ရှိ အမျိုးသားပါတီက အနိုင်ရထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲ ၀န်ကြီးချူပ် အရည်အချင်းနှင့် ထိုက်တန်သူ ဘယ်သူလဲဆိုတာ လူထုကို ချပြချိန်တန်ပါပြီ။
ပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်ကို ပြည်နယ်ဝန်ကြီးချူပ်အဖြစ် လျာထားခဲ့ပေမယ့် သူ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဒါပေမယ့် ဦးခိုင်ပြည်စိုးက “ဘယ်သူပဲ ၀န်ကြီးချူပ်ဖြစ်ဖြစ် ဥက္ကဌ ဦးအေးမောင်နဲ့ ANP ရဲ့ ဦးဆောင်မှုအောက်မှာ ရှိမှာပဲ” လို့ RiA ကို ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ခဲ့စဉ် ပြောကြားခဲ့တာ ရှိပါတယ်။
သို့သော် ဦးခိုင်ပြည်စိုးပြောကြားချက်ဟာ ၁/၂၀၁၆ ထွက်ပေါ်လာရခြင်းနဲ့ ရှေ့သွားနောက်လိုက် မညီတော့ပါဘူး။
ဒါပေမယ့် ဒီကြေညာချက်ဟာ ရခိုင်ပြည်နယ်မှာ တောင်ပိုင်း မြို့နယ် ၃ ခုတွင်သာ စည်းရုံး အနိုင်ရရှိထားတဲ့  NLD ကို မြောက်ပိုင်းမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ ANP က သွေးတိုးစမ်းလိုက်တဲ့ အရှိုက်ထိတဲ့ စိန်ခေါ်ချက်ပဲ ဖြစ်ပါတယ်။
အရှိုက်ထိတဲ့ ကြေညာချက်ဆိုပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်ထွန်းဟိန်က ခုလို တုံ့ပြန်ခဲ့ပါတယ်။
"ငါတို့က ငါတို့ သဘောကျဖွဲ့လို့ရတာ မဟုတ်ဘူးလေ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရပဲ ဖွဲ့လို့ရတာလေ။ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ရင် ဘယ်လိုဖွဲ့ရမလည်းဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ညွှန်ပြထားတာရှိတယ်။ အဲဒီအတိုင်း လိုက်နာပြီး ငါတို့က ဖွဲ့ရတာ။ ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မပြင်သေးပဲနဲ့"
တုံ့ပြန်မှုအပြီး မြန်မာ့မီဒီယာ စာမျက်နှာတွေမှာ ရခိုင်အမျိုးသားပါတီ အနေနဲ့ ကလေးဆန်ကြောင်း ၊ စိတ်စောနေကြောင်း နိုင်ငံရေးလေ့လာသူတွေက ဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။
ဒီလို NLD ရဲ့ ချေပချက်အပေါ် ရခိုင် အမျိုးသားပါတီဝင် ဦးဖေသန်းက တုံ့ပြန်မှု ထပ်ပြုခဲ့ပေမယ့် ကျယ်ပြန့်တဲ့ မီဒီယာ ခုခံမှုတစ်ခုတော့ ဖြစ်မလာခဲ့ပါ။
ဦးဖေသန်းက “ ဖွဲ့စည်းပုံအရ နိုင်ငံတော် သမ္မတက ကြိုက်နှစ်သက်သူ ဘယ် လွှတ်တော်ကိုယ်စားလှယ်မဆို ပြည်နယ်ဝန်ကြီးချူပ်အဖြစ် တာဝန်ပေးလို့ရတယ် ဆိုပေမယ့် မိမိပါတီကမှ ဖြစ်ရမယ်၊ အခြား ပါတီက မဖြစ်ရဘူးလို့ ဖော်ပြထားခြင်း မရှိပါ။ ဒါကြောင့် ANP က ကိုယ်စားလှယ်ကို ၀န်ကြီးချူပ်အဖြစ် တာဝန်ပေးခြင်းဟာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်း လုံးဝမရှိပါ။ အခြားတဘက်မှာ NLD သမ္မတက သူတို့ ပါတီက တစ်ဦးဦးကို ၀န်ကြီးချူပ် ခန့်တာ အပြစ်လား၊ ဖွဲ့စည်းပုံကို ဆန့်ကျင်လားလို့ မေးရင် မရှိဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် NLD ဟာ အပြောနဲ့ အလုပ်မညီသူလို့ ပြောရပါမည်။ ဘာကြောင့်ဆိုတော့ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဆွေးနွေးခဲ့တဲ့ အချိန်တွေတုန်း သမ္မတက ၀န်ကြီးချူပ်ကို ခန့်မယ့်အစား သက်ဆိုင်ရာ လွှတ်တော်က ၀န်ကြီးချူပ်ကို ရွေးချယ်ဖို့ NLD က တင်ပြခဲ့တဲ့ လွှတ်တော် မှတ်တမ်း ရှိပါတယ်။ ဒါကြောင့် အပြောနဲ့ အလုပ်မညီသူလို့ NLD ကို ပြောနိုင်ပါတယ်" လို့ အိတ်ဖွင့်စာနဲ့ သူ့ အင်လိုင်းစာမျက်နှာပေါ်ကနေ တုံ့ပြန်ခုခံခဲ့ပါတယ်။
ဒီနေရာမှာ ဦးဖေသန်းရဲ့ပြောကြားချက်ဟာ ပြီးခဲ့တဲ့ လွှတ်တော် အစည်းဝေးကာလက ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရေးနဲ့ ပါတ်သက်ပြီး NLD အပါအဝင် တိုင်းရင်းသားပါတီတွေကပါ တညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြတဲ့  သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်မှာ အမတ်တွေက စုပေါင်းပြီး ရွေးချယ်တဲ့ သူတစ်ဦးကို သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရေး ဆိုတဲ့ မူကိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ တပ်မတော်သားတွေရဲ့ ပယ်ချမှုကြောင်း အောင်မြင်ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် ဖွဲ့စည်းပုံအရ ရခိုင်အမျိုးသားပါတီရဲ့ ကြေညာချက်ဟာ ဥပဒေလမ်းကြောင်းအရ မကိုက်ညီသလို စိတ်စောနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်တွေက မှတ်ချက်ပြုခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။
အခြားတစ်ဘက်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ ပြည်နယ်လွှတ်တော်တွေ ထဲကသာ ရွေးပေးရမယ် ဆိုရင်  သူလည်းပဲ ANP ကို ဆန္ဒမဲပေးနိုင်ပါတယ်လို့ ပြောကြားလာခြင်းပါ။
လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်မှာ ANP က ၂၃ နေရာ၊ USDP က ၃ နေရာ၊ NLD က ၉ နေရာနဲ့၊ တပ်မတော်သား ကိုယ်စားလှယ် ၁၀ ဦးတို့ နေရာ ရရှိထားပြီဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ ဆိုရင် ဦးထိန်လင်း အပါအဝင် ပါရှိလာတဲ့ အထဲမှာ အကုန်လုံးဟာ ဦးမောင်မောင်အုန်းနဲ့ အဆင်ပြေတဲ့ သူတွေပဲဖြစ်ကြပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံရေးအရ ဦးမောင်မောင်အုန်းရဲ့ ယူဆချက်ကို ငြင်းကြမယ်လို့ မထင်ပါဘူး။ ဒါဆိုရင် ဦးမောင်မောင်ရဲ့ RFA မြန်မာ ပိုင်းအစီစဉ်မှာ ဖြေဆိုမှုတွေကို ထောက်ရှုရင် ဦးမောင်မောင်အုန်းနဲ့ ANP ဟာ လွှတ်တော်တွင်းထဲမှာ တသားတည်း ဖြစ်လားနိုင်ခြေ ရှိပါတယ်။
ဦးမောင်မောင်အုန်းကတော့ ရခိုင်ပြည်နယ်ရဲ့ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်လူထုဆန္ဒမပါဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဗဟိုညွှန်ကြားချက်တစ်ခုတည်းနဲ့ ဦးဆောင် ဖွဲ့စည်းခဲ့မယ်ဆိုရင် အခြေအနေများ ပိုမို ရှုပ်ထွေးလာနိုင်ကြောင်း RFA မြန်မာပိုင်းဌာနက တဆင့် ပြောကြားခဲ့ပါတယ်။

ဦးမောင်မောင်အုန်းဟာ ရခိုင်ပြည်နယ်ဝန်ကြီးချူပ် (ငြိမ်း) ဖြစ်သလို၊ လက်ရှိ အမ်းမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါ။ သူက " ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကလည်း တကယ့်ကို ကမ္ဘာမှာ အရေးပါတဲ့ ကိစ္စရပ်တွေ ဖြစ်နေတယ်။ ဒီတော့ ANP နဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ လုပ်မယ်ဆိုရင် ကျနော် ထင်တယ်။ အခက်အခဲရှိနိုင်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ခွင့်ပြုလိုက်ပြန်ရင်လည်း တကယ်ပဲ ဟိုဘက်က တာဝန်ထမ်းဆောင်တဲ့အခါ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားနည်းမယ်ဆိုရင်လည်း ပြည်သူတွေပဲ နစ်နာမှာပါ။ ဒီတော့ ကျနော့် အမြင် ပြောရရင်တော့ ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကိုလည်း အလေးထားသင့်ပါတယ်။ ANP ရဲ့ တောင်းဆိုမှုကိုလည်း နားလည် ပူးပေါင်းစေလိုပါတယ်။ ဒါမှပဲ ကျနော် ထင်ပါတယ်။ Win-Win Situation ပေါ့။ အားလုံးအဆင်ပြေမယ့် အခြေအနေပေါ့ လို့ပဲ ပြောပါရစေ" လို့ အကြံပြုထားပါတယ်။
ဦးမောင်မောင်အုန်းရဲ့ လေယူလေသိမ်းအရ ရခိုင်အမျိုးသားပါတီကို ထောက်ခံမှုပေးသယောင်နဲ့ ANP ဘက်က ကောင်းမွန်တဲ့ ၀န်ကြီးချူပ်တစ်ဦးကို မတင်နိုင်ခဲ့ရင် ပြည်သူတွေ နစ်နာမယ် ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် ANP ကို NLD မှ ကောင်းမွန်စွာ ပြန်လည် စည်းရုံးနိုင်ဖို့၊ ဒါမှမဟုတ်ခဲ့ရင် ANP နဲ့ USDP ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ ပူးပေါင်းဖို့ စတဲ့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထားပါ။
အခြားတစ်ဘက်မှာ ရခိုင်ပြည်နယ် ပြည်သူလူထုတွေရဲ့ နိုင်ငံရေးအတွေးအခေါ်ပါ။ ရခိုင်လူထု အတွေးအခေါ်က အမျိုးသားရေးစိတ် ပြင်းထန်လွန်းတာပါ။ အမျိုးသားရေးစိတ် ပြင်းထန်လွန်းရင် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးပညာရှင် ပေါလ်အေကိုဟင်က ဆိုမိန့်ခဲ့ဖူးပါတယ်။
ဒီလို အမျိုးသားရေးစိတ် ပြင်းထန်တဲ့ လူမျိုးမို့လည်း ရခိုင်ဝန်ကြီးချူပ် ဦးလှမောင်တင် (ငြိမ်း) လက်ထက်က ကသောင်းကနင်း ဆန်လွန်းခဲ့တာ၊ ထိန်းမနိုင် သိမ်းမရအခြေအနေတွေ ဖြစ်ပေါ်ခဲ့တာ၊ နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ ရခိုင့်ပုံရိပ် ကျဆင်းခဲ့တာတွေ ဖြစ်ပေါ်ခဲ့တာပါ။
ဦးမောင်မောင်အုန်း လက်ထက်မှာ ဗိုလ်ချူပ်ဆိုတဲ့ ရာထူးနဲ့ နိုင်ငံရေးပရိယာယ် ပါးနပ်မှုကြောင့် ဒေသအခြေအနေဟာ အတော်အတန် ငြိမ်သက်ခဲ့ပေမယ့် ဒါဟာ တည်ငြိမ်မှုတစ်ခုကို မရွေ့နိုင်ခဲ့သေးပါဘူး။
ဒီမိုကရေစီ ပထမ အစိုးရသက်တမ်းရဲ့ ၄ ပုံ ၁  ပုံမျှအချိန်ကို ဗိုလ်ချူပ် မောင်မောင်အုန်း ထိန်းချူပ်ခဲ့စဉ်နဲ့ ကျန် ၃ ပုံကို ထိန်းချူပ်ထားတဲ့ ရခိုင်အမျိုးသား ၂ ဦးရဲ့ အခြေအနေ ကွာဟမှုကို နိုင်ငံတကာအသိုင်း အ၀န်းနှင့် မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကြား ဝေဖန်မှု ကွာဟသွားစေခဲ့ပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်နယ်ကို ဦးဆောင်မယ့် ဦးဆောင်အစိုးရအဖွဲ့ရဲ့ အဓိပတိကြီးဟာ ANP မှာ ရှိမနေခဲ့ဘူးဆိုရင် ဒါဟာ ပြည်သူတွေအတွက် နစ်နာမှုတရပ်လို့ ဦးမောင်မောင်အုန်းက ပါးနပ်စွာ ပြောကြားခဲ့တာလို့ ယူဆရမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top