Thursday, January 21, 2016

"NLD အပြောနှင့် အလုပ်မညီ" ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောကြား

မြေပုံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း
စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၁ ရက်

ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ခန့်အပ်ရေးနှင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းရေး ရခိုင်အမျိုးသားပါတီရဲ့ ၁/၂၀၁၆ ကြေညာချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းထွန်းဟိန်ရဲ့
သတင်းမီဒီယာများတွင် ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး NLD ဟာ အပြောနဲ့ အလုပ်မညီဘူးလို့ မြေပုံမဲဆန္ဒနယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

"ဖွဲ့စည်းပုံအရ နိုင်ငံတော် သမ္မတက ကြိုက်နှစ်သက်သူ ဘယ် လွှတ်တော်ကိုယ်စားလှယ်မဆို
 ပြည်နယ်ဝန်ကြီးချူပ်အဖြစ် တာဝန်ပေးလို့ရတယ် ဆိုပေမယ့် မိမိပါတီကမှ ဖြစ်ရမယ်၊
အခြား ပါတီက မဖြစ်ရဘူးလို့ ဖော်ပြထားခြင်း မရှိပါ။ ဒါကြောင့် ANP က ကိုယ်စားလှယ်ကို ၀န်ကြီးချူပ်အဖြစ် တာဝန်ပေးခြင်းဟာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်း လုံးဝမရှိပါ။
အခြားတဘက်မှာ NLD သမ္မတက သူတို့ ပါတီက တစ်ဦးဦးကို ၀န်ကြီးချူပ် ခန့်တာ အပြစ်လား၊ ဖွဲ့စည်းပုံကို ဆန့်ကျင်လားလို့ မေးရင် မရှိဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် NLD ဟာ အပြောနဲ့ အလုပ်မညီသူလို့ ပြောရပါမည်။ ဘာကြောင့်ဆိုတော့ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဆွေးနွေးခဲ့တဲ့ အချိန်တွေတုန်း သမ္မတက ၀န်ကြီးချူပ်ကို ခန့်မယ့်အစား သက်ဆိုင်ရာ လွှတ်တော်က ၀န်ကြီးချူပ်ကို ရွေးချယ်ဖို့ NLD က တင်ပြခဲ့တဲ့  လွှတ်တော် မှတ်တမ်း ရှိပါတယ်။ ဒါကြောင့် အပြောနဲ့ အလုပ်မညီသူလို့ NLD ကို ပြောနိုင်ပါတယ်"

အဆိုပါ ပြောကြားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD မှ ဦးထွန်းထွန်းဟိန်သို့ ANP မှ ဦးဖေသန်းက ပေးပို့တဲ့ အိတ်ဖွင့်ပေးစာအတွင်းမှာ ထည့်သွင်း ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။

NLD ရဲ့ ပြည်နယ်ဝန်ကြီးချူပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ်ရန် တင်ပြခဲ့တဲ့ အဆိုကို "ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး၊ အကောင်ထည်ဖော်ရေး ကော်မတီရဲ့ ဆက်လက် အကောင်ထည်ဖော်မှု အစီရင်ခံစာ စာမျက်နှာ ၄၅" တွင် ဖတ်ရှုနိုင်ကြောင်း ဦးဖေသန်းရဲ့ အိတ်ဖွင့်စာမှာ ရေးသားဖော်ပြ ပါရှိပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ၁/၂၀၁၆ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသူများက လာမယ့် အစိုးရသက်တမ်းမှာ NLD ရဲ့ ဗဟိုချူပ်ကိုင်မှု လျှော့ချနိုင်မှုများအပေါ် ANP ရဲ့ ပထမဦးဆုံး သွေးတိုးစမ်း စိန်ခေါ်မှုတရပ် ဖြစ်ကြောင်း ဝေဖန်ပြောကြားမှုတွေ ရှိနေပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top