မြောက်ဦး/RiA ၊ ဇန်န၀ါရီ ၁၅ ရက်
ရခိုင်ပြည်နယ်အတွင်းရှိ လေးမြို့မြစ်အတွင်း ငါးများကို ဖမ်းယူရာတွင် ဆေးခတ်ဖမ်းဆီးမှုများ ပိုမို မြင့်တက်လာတာကြောင့် မြစ်ကြောင်း တလျှောက် ငါးများ အဆိပ်သင့်နေကြောင်း ယူဆရပြီး စားသုံးသူများမှာ အော့အန်ခြင်း၊ မူးဝေခြင်းတို့နှင့် ကြုံတွေ့နေရတာကြောင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရပါတယ်။
“လေးမြို့ကရတဲ့ ငါးတွေဟာ အရင်တုန်းက ဘာမှမဖြစ်ဘူး။ အခု ငါးရစ်မကို စားရင် စားတဲ့သူတိုင်း မူးကြတယ်။ စားပြီးရင် အန်ကြတယ်။ ဘာကြောင့်မူးတာလဲတော့ မသိဘူး။ သုံးနှစ်လောက် ရှိပါပြီ။ အစပိုင်းမှာ ဆေးခတ်ပြီးဖမ်းတဲ့ ငါးဖြစ်တဲ့အတွက် မူးတယ်လို့ထင်တာ။ မဟုတ်ဘူးဗျာ။ ပိုက်နဲ့ဖမ်းလာတဲ့ လတ်လတ်ဆတ်ဆတ်တွေကို စားရင်လည်း မူးတာပဲ။ ဒါကြောင့် အဲ့ဒီငါးကို စားမယ့်လူ မရှိတော့ဘူး။ အရင်ကဆိုရင် ငါးရစ်မခြောက်ဟာ ငါးခြောက်ဈေးကွက်မှာ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး ငါးပါ။ စားရင် မူးတဲ့အတွက် အခုက ဝယ်မယ့်သူလည်း မရှိတော့ဘူး” လို့ လေးမြို့ဒေသခံ ကိုအောင်သစ်က RiA ကို ပြောပါတယ်။
မြစ်ကြောင်းအတွင်းမှ ရေချိုငါးများကို စီးပွားဖြစ်ရောင်းချသူများက ဆေးခတ်ပြီး အလုံးအရင်း ဖမ်းဆီးမှုတွေကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စတင်ဆောင်ရွက်ခဲ့တာကြောင့် ငါးကောင်ရေ မြောက်မြားစွာ သေဆုံးခဲ့ရခြင်း၊ မြစ်ရေ အဆိပ်သင့်ခဲ့ခြင်း၊ သေဆုံးတဲ့ အဆိပ်သင့် ငါးများမှာ မြစ်ရေအတွင်း ရေဆီလွှာ ပြောင်းလဲမှု ဖြစ်စဉ်တွေအတွက် ထပ်မံ အဆိပ်သင့်စေမှုများ ဖြစ်ပေါ်စေခဲ့ခြင်းတို့ကြောင်း ငါးမျိုးသုဉ်းခြင်းနှင့် ငါးရစ်မမျိုးစိပ်မှာ ယခုကဲ့သို့ စားသုံးသူများရဲ့ ကျန်းမာရေးကို စိုးရိမ်စရာ ဖြစ်လာခြင်းတို့နှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြပါတယ်။
ငါးများ အဆိပ်သင့်နေတယ်လို့ ယူဆရမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်မေးမြန်းရာမှာ - အဆိုပါ ကိစ္စကို သိရှိခြင်း မရှိသေးတာကြောင့် ဖြေဆိုရန် ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒေသခံများအနေနှင့် အဆိုပါ လေးမြို့မြစ်မှ ငါးများ အဆိပ်သင့်နေကြောင်း ယူဆမှုကို ဒေသ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်မီ စစ်ဆေး သုတေသနပြုလုပ်ပြီး လိုအပ်ပါက စားသုံးရန် သင့်မသင့်ကို အမြန်ဆုံး ထုတ်ပြန်ပေးစေလိုကြောင်း တောင်းဆိုနေကြပါတယ်။
0 comments:
Post a Comment