Monday, January 18, 2016

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်း တည်ဆောက်မှုတွင် ဘတ်ဂျက် အလွန်အကျွံ သုံးစွဲခဲ့မှုကြောင့် ယခုနှစ်တွင် ဘတ်ဂျက် လျော့ချခံရမှု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ဝေဖန်

စစ်တွေ/RiA ၊ ဇန်န၀ါရီ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်
 
ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်း တည်ဆောက်မှုတွင် ဘတ်ဂျက် အလွန်အကျွံသုံးခဲ့မှုကြောင့် ယခုနှစ်တွင် ဘတ်ဂျက် လျော့ချခံရမှုနဲ့ ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် အောင်ဝင်းက ဝေဖန်ပြောကြားလိုက်ပါတယ်။


၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်များအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်ငွေ စုစုပေါင်း ကျပ် ဘီလီယံပေါင်း ၃၀၀ ကျော်အထိ အသုံးပြုခဲ့ပေမယ့် ယခုလာမယ့် အစိုးရသစ် လက်ထက်မှာ ကျပ် ဘီလီယံပေါင်း ၁၄၀ ခန့်သာ အသုံးပြုခွင့် ပြုထားကြောင်း၊ အဆိုပါ ဘတ်ဂျက် လျော့ချမှုတွေနဲ့ ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက RiA ကို ခုလို ပြောပါတယ်။
 
 “ ရခိုင်ပြည်နယ်အတွင်းမှာ မဟာဓာတ်အားလိုင်းအတွက် အသုံးပြုငွေ များပြားခဲ့တာကြောင့် လာမယ့် ဘတ်ဂျက်တွေအတွက် လျော့ချလိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က ဖြေကြားခဲ့ပါတယ်။ ယခင်နှစ်တွေတုန်းက သုံးခဲ့တဲ့ ဘီလီယံ ၃၀၀ ကျော်မှာ အထူးသဖြင့် ပြည်သူတွေအတွက် သုံးခဲ့တာ နည်းပြီး အစိုးရ အဆောက်အဦးတွေ တည်ဆောက်ရေးမှာ ပိုကုန်ခဲ့ပါတယ်။ လိုအပ်တာမှာ မသုံးဘဲ မလိုအပ်တဲ့ နေရာတွေမှာ အသုံးပြုမှုက ပိုပြီး များပြားနေပါတယ်။”
 
အဆိုပါ ဘတ်ဂျက်ငွေဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး လာမယ့် ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း တတိယအကြိမ်မြောက် အရေးပေါ် လွှတ်တော်ကို ကျင်းပပြုလုပ်ရန် ကိုယ်စားလှယ်များကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ရုံးမှ သိရပါတယ်။
 
“အဓိက ဆွေးနွေးမှာက ဘတ်ဂျက်ကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ ရှမ်းပြည်နယ် လွှတ်တော်လည်း ဘတ်ဂျက်ကိစ္စ အတွက် ခေါ်တာကို တွေ့ရပါတယ်။ တခြားကိစ္စတွေ အတွက်တော့ မဖြစ်နိုင်ဘူး။ စစ်ဘေးဒုက္ခသည်တွေနဲ့ ပါတ်သက်ပြီး ခေါ်မယ်ဆိုလည်း ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဘက်ကနေ တောင်းဆိုမှ ခေါ်မှာပါ။ သူတို့သဘောနဲ့ ခေါ်တာတော့ ဒီကိစ္စ မဖြစ်နိုင်ဘူး။” လို့ မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက RiA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်ထိ ၅ နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် လွှတ်တော်ကို ပထမအကြိမ်အဖြစ် ပုံမှန် အစည်းအဝေး ၁၃ ကြိမ် ခေါ်ယူခဲ့ပြီး အရေးပေါ် လွှတ်တော်ကို ၃ ကြိမ်ထိ ခေါ်ယူခဲ့ကြောင်း RiA ရဲ့ ရခိုင်ပြည်နယ်လွှတ်တော် မှတ်တမ်းများအရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top