![]() |
စစ်တွေ၊အနောက်စံပြရပ်ကွက်မှ ကျူးကျော်သူတစ်ဦး (ဓာတ်ပုံ - Moe Aung/RiA) |
စစ်တွေ/RiA
၊ ဇန်န၀ါရီ ၁၅ ရက်
၂၀၁၂ ခုနှစ်
ပဋိပက္ခကာလများအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်တွေ မီးလောင်ပြင် နေရာများတွင် ကျူးကျော်နေထိုင်ကြသူများကို
ဇန်န၀ါရီ ၁၉ ရက်နေ့ နောက်ဆုံးထား ပြောင်းရွေ့ပေးကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတိပေး
ပြောဆိုလိုက်ပါတယ်။
“ ကျနော်တို့
ကနဦး စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ သူတွေ စုစုပေါင်း ၄၅၀ နီးပါးကို မင်းဂံရပ်ကွက်မှာ
နေရာချပေးမှာ ဖြစ်တာကြောင့် ပြောင်းရွေ့ရန် ညွှန်ကြားခြင်း ဖြစ်သလို မပါဝင်ဘဲ ကျူးကျော်နေထိုင်သူများကိုလည်း
၇ ရက်အတွင်း ဇန်န၀ါရီ ၁၉ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် အင်အားသုံး
ဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်။” လို့ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်က RiA
ကို ပြောပါတယ်။
အမှန်တကယ်
မြေယာပိုင်ဆိုင်မှု မရှိသူတွေအတွက် စစ်တွေမြို့နယ် မင်းဂံအကွက် ၁၀ မှာ နေရာချပေးသွားမှာ
ဖြစ်ပြီး ယခု စစ်တွေ မီးလောင်မြေများအတွင်းမှာ ကျူးကျော်နေထိုင်ကြသူများတွင် မြေယာပိုင်ဆိုင်ပြီးသူများ
ပါဝင်နေတဲ့အပြင် မြေအချောင်လိုသူတွေပါ ပါဝင်နေတာကြောင့် ခုလို ဖယ်ရှားရန် ညွှန်ကြားရခြင်း
ဖြစ်တယ်လို့ ပြည်နယ် ၀န်ကြီးချူပ်က ဆိုပါတယ်။
ယခုလို ပြည်နယ်အစိုးရအနေနဲ့
ကျူးကျော်ရပ်ကွက်အတွင်း နေထိုင်သူများကို စာရင်းကောက်ခံမှုများ ပြုလုပ်ခဲ့ရာတွင် ပွင့်လင်းမြင်သာမှု
မရှိခဲ့ကြောင်းနှင့် အမှန်တကယ် မြေယာပိုင်ဆိုင်သူတချို့ မြေနေရာ ထပ်မံ ရရှိမှုတွေ ရှိနေတာကြောင့်
ဒါကို စီစစ်ပေးဖို့ လိုအပ်နေတယ်လို့ အနောက်စံပြရပ်ကွက်အတွင်း ကျူးကျော်မြေဧရိယာမှာ
နေထိုင်သူတချို့က ဝေဖန်ပြောဆိုနေကြပါတယ်။
“အချို့သူတွေက
စာရင်းကောက်ခံရရှိတဲ့သူတွေနဲ့ ရင်းနီးကြပြီး နာမည်ပါသွားကြတာတွေရှိတယ်။ ပိုက်ဆံပေးရတာတွေလည်း
ရှိတယ်။ ကျမတို့ကျတော့ နာမည်ပါရှိမသွားလို့ ဖယ်ပေးရမယ့် အခြေနေရှိတယ်” လို့ အနောက်စံပြရပ်ကွက်
ကျူးကျော် မြေဧရိယာမှာ နေထိုင်သူ ဒေါ်မသန်းနွယ်က ပြောပါတယ်။
ဒါ့အပြင် ကျူးကျော်ရပ်ကွက်အတွင်းမှာ နေထိုင်သူတွေဟာ ကျူးကျော်တယ်ဆိုပေမယ့်
ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေ ဆီကနေတဆင့် မြေနေရာခ တန်ဖိုးပေးပြီး
နေထိုင်ရကြတယ်လို့ ၎င်းတို့က ဆိုကြပါတယ်။
ကျေးရွာအုပ်ချူပ်ရေးမှူးတွေကတော့
ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်ကြောင်း စက်ရုံစုံရပ်ကွက်အုပ်ချူပ်ရေးမှူး
ဦးညွန်ဝင်းက RiA ကို ပြောပါတယ်။
“စက်ရုံစုရပ်ကွက်အတွင်းမှာ
စာရင်းကောက်ခံခဲ့ချိန်က အဖွဲ့ပေါင်းစုံ ပါဝင်ပြီး စနစ်တကျ ကောက်ခံခဲ့တာပါ။ ရင်းနှီးသူတွေကို
စာရင်းထဲမှာ ထဲတယ်။ ကျူးကျော်နေထိုင်ဖို့အတွက် ပိုက်ဆံရယူခဲ့တယ်ဆိုတာက လုံးဝ အခြေအမြစ်မရှိတဲ့
စွပ်စွဲချက်သာ ဖြစ်ပါတယ်”
RiA ရဲ့ မှတ်တမ်းများအရ စစ်တွေမြို့နယ်မှာ
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ဆူပူမှု ပြဿနာမှာ မီးရှို့ခံခဲ့ရတဲ့ မြေနေရာတွေမှာ ကျူးကျော်မှုတွေဟာ
ယခုနှစ် အစိုးရအကူးအပြောင်းကာလမှာ ပိုမို များပြားလာတာဖြစ်ပြီး ၎င်းတို့ကို ဖြေရှင်းဖို့အတွက်
ပထမဦးဆုံး အနောက်စံပြရပ်ကွက်မှာ ရှိတဲ့ မီးလောင်မြေ ၁၆.၈၂၄ ဧက အတွင်းမှာ ကျူးကျော်နေထိုင်သူများကို
ဇန်န၀ါရီ ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြည်နယ်ဝန်ကြီးချူပ်က ညွှန်ကြားခဲ့တာ
ဖြစ်ပါတယ်။
အမိန့်ကို
ဖီဆန်မှု ပြုလုပ်ခဲ့ရင် မြို့ရွာရှိ မြေယာ အက်ဥပဒေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇန်န၀ါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
0 comments:
Post a Comment