Tuesday, January 26, 2016

မာန်အောင်တွင် တွေ့ရှိခဲ့သည့် ငါးကြီး၏ အရိုးကိုထုတ်ယူကာ စမ်းသပ်မှုများ ပြုလုပ်သွားမည်

မာန်အောင်/RiA ၊ ဇန်န၀ါရီ ၂၆ ရက်

မာန်အောင်မြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ကတည်းကနေ  မျှော်တော်ဦး ကမ်းခြေမှာ အရှည် ၂၉ ပေရှိပြီး လုံးပါတ် ၁၈ ပေခန့်ရှိတဲ့  ငါးကြီးတစ်ကောင် သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။


ငါးကြီးမှာ သောင်တင်နေစဉ်ကာလက အသက်ရှင်သန်နေခဲ့ပြီး ဒီရေတက်ချိန်တွင် ရေထဲသို့ ဆွဲချပြီး ကယ်ဆယ်ရန် ကြိုးစားခဲ့ကြပေမယ့် ငါးကြီးဟာ သေဆုံးခဲ့တယ်လို့  ရေထဲချရန် ကြိုးစားရာမှ ပါဝင်တဲ့ သူတွေက ဆိုကြပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ ငါးကြီးအား မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ပူးပေါင်းပြီး ငါးကြီး၏ ရုပ်ကြွင်းကို ရရှိရန်အတွက် စီစဉ်နေကြတယ်လို့ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးထွန်းတင်က RiA ကို ပြောပါတယ်။
 
“ ငါးကို စနစ်တကျ မြုပ်နှံသွားမယ်။ ခြံစည်းရိုးတွေ အသေအချာ ထိုးပြီး လူတွေဝင်ရောက်မှု မရှိအောင် ထိုးပြီး ခြောက်လကြာတဲ့အခါ ပြန်ဖော်မှာပါ၊ အဲဒီအခါမှာ ငါးကြီးရဲ့ အရိုးကို ရယူပြီး သူနဲ့ သက်ဆိုင်တဲ့ ဌာနတွေကို စမ်းသမ်းလေ့လာ ထိမ်းသိမ်းမှု ပေးသွားမှာပါ၊ တကယ်လို့ အဲဒီ ညွန်ကြားချက်ရရင်လည်း ဒီဒေသမှာပဲ ဆက်လက် ထိန်းသိမ်းသွားမှာပါ”
 
ငါးကြီးရဲ့ ကိုယ်ထည်မှာ အနက်ရောင်ရှိကာ ငါးကြီး သေဆုံးပုံမှာ သွေးများ ထွက်ရှိလျှက် သေဆုံးခဲ့ခြင်းဖြစ်ပြီး အဲဒီငါးဟာ အုပ်စုနဲ့ ကွဲရာမှ လမ်းမှား သောင်တင်လာတဲ့ ငါးတစ်ကောင်ဖြစ်ပြီး ၊ သမုဒ္ဒရာ ပိုင်းမှာသာ ကျက်စားတတ်တဲ့ ငါးမျိုးပဲ ဖြစ်တယ်လို့ ဦးထွန်းတင်က ဆိုပါတယ်။

ရခိုင်ဒေသမှာ ငါးကြီးတွေ သေဆုံးမှုအဖြစ် ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ဂွမြို့နယ် လောင်းကျိုးကျေးရွာ ကမ်းခြေတွင် ပေ ၃၃ ပေနဲ့လုံးပါတ် ၁၆ ပေရှိတဲ့ ပုတ်ပွ သေဆုံးနေတဲ့ ငါးကြီးတစ်ကောင်ကို တွေ့ရှိခဲ့ရပြီး၊ ယခုတစ်ကြိမ် မာန်အောင်ဒေသမှာ တွေ့ရှိမှုဟာ ဒုတိယ အကြိမ် တွေ့ရှိမှုပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top