Wednesday, January 6, 2016

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ကိုယ်ဝန်ဆောင်တစ်ဦး အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့

မြောက်ဦး၊ ဇန်န၀ါရီ ၆ ရက်

ရက္ခိုင့်တပ်မတော် Arakan Army နှင့် အစိုးရတပ်တွေကြား ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်နေမှုအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ကိုယ်ဝန်ဆောင်တစ်ဦးမှာ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ကလေးကို မြောက်ဦးမြို့နယ် ကျီရာပြင် ကျေးလက်ကျေးမာရေးဌာန ဆေးခန်းမှာ မွေးဖွားခဲ့ခြင်းဖြစ်ကာ ဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ သံတံတားကျေးရွာနေ ဒေါ်နီနီမြင့်ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ည ၉ နာရီအချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအမျိုးသမီးမှာ ၎င်းတို့နေထိုင်ရာ သံတံတားကျေးရွာမှ ကျီရာပြင်ကျေးရွာသို့ ယခုလ ၄ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ကာ ကိုယ်ဝန်အရင့်အမာဖြင့် ထွက်ပြေးလာရခြင်းဖြစ်ပါတယ်။

“ကျွန်မကို အခုလို ကလေး ကောင်းကောင်းမွန်မွန် မွေးဖွားပေးတဲ့အတွက် ဒီဆေးခန်းက ဆရာဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က ထင်းခုတ် ရောင်းစားနေရတာဆိုတာ့ ဆေးရုံတက်ပြီးတော့လည်း ကလေးမမွေးနိုင်ဘူး။ အခုလိုအပ်တဲ့ စောင့်ရှောင့်မှုတွေကိုလည်း လုပ်ပေးကြပါတယ်။ ပိုက်ဆံလည်းပေးစရာမလိုဘူး “ ဟု ကလေး မွေးဖွားခဲ့သူ ဒေါ်နီနီမြင့်က RiA ကို ပြောပါတယ်။

ကလေးမွေးဖွားသူ ဒေါ်နီနီမြင့်မှာ ကလေး လေးယောက် မိခင်ဖြစ်ကာ ယခုမွေဖွားခဲ့တဲ့ ကလေးမှာ ငါးယောက် မြောက်ဖြစ်ကြောင်း၊ ၎င်းမှာ ခင်ပွန်းသည်နှင့် ကွဲကွာနေသူတစ်ဦးဖြစ်လည်း ဖြစ်ကာ ကိုယ်ဝန်အရင့်အမာဖြင့် ကလေးငယ်များကို ခေါ်ဆောင်ကာ ထွက်ပြေးလာခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သူက ပြောပါတယ်။

“ဒီလူတွေရဲ့ကျန်းမာရေးဟာ အခုလို ပုံစံမဟုတ်ရင်လည်း ကျွန်တော့်တာဝန်ပါပဲ၊ အခုက IDP တွေဖြစ်နေတော့ ပိုပြီး အရေးကြီးတာပေါ့။ ဒီအမျိုးသမီးကြီးက ထွက်ပြေးလာရင်းနဲ့ ဆေးခန်းမှာ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဟာ သူ့အတွက်ရော ကလေးအတွက်ပါ ပိုပြီး အဆင်ပြေသွားတာပေါ့။ IDP ဆိုတော့ လူတွေများတယ်။ ကပ်ရောဂါတွေ မဖြစ်အောင် စောင့်ရှောက်ရတယ်။ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ဆေးခန်းမှာရှိတဲ့ ဆေးဝါးတွေကိုပဲ အကုန်လုံးအခမဲ့ ပေးပါတယ်။ မြောက်ဦးနာရေးတော့ ပြောထားပါတယ်။ လိုအပ်လို့ ရှိရင်တော့ ဆေးဝါးတွေကို သူတို့ဆီကနေယူပါ ဆိုပြီးတော့ပေါ့။ လောလောဆယ်ကတော့ ဆေးခန်းမှာရှိတာတွေကိုပဲ သုံးနေပါတယ်” လို့ ကျီရာပြင် ကျန်းမာရေးမှူး ဦးမျိုးလှိုင်က RiA ကို ပြောပါတယ်။

ယင်းအပြင် ကျီရာပြင် ကျန်းမာရေးဌာနအနေဖြင့် ကျီရာပြင်နှင့် စေတီတောင်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များ၏ ကျန်းမာရေးကိစ္စရပ်များကို လိုက်လံ စောင့်ရှောက်ပေးလျှက်ရှိကြောင်း ယင်းကျန်းမာရေးဌာနတွင် ကျန်းမာရေး ဝန်ထမ်း ၁၀ ဦး ခန့် ရှိကြောင်း သိရကာ မြောက်ဦးမြို့နယ်အတွင်း ကျန်းမားရေးဌာန ၉ ခုရှိရာတွင် သားဖွားခန်းပါရှိတဲ့ အဆင့်မီဆေးခန်းမှာ ကျီရာပြင်ဆေးခန်းတစ်ခုတည်းသာရှိသေးကြောင်း ဦးမျိုးလှိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top