တောင်ကုတ်၊ ဇန်န၀ါရီ ၆ ရက်
ရခိုင်ပြည်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးသူများအနေနှင့်
ယခုနှစ်ကာလအတွင်း ပဲစိုက်တောင်သူများမှာ ဈေးကွက်အခွင့်အလမ်း ပိုမို
ရရှိနိုင်ရန် အခြေအနေရှိကြောင်း တောင်သူများက ပြောပါတယ်။
လတ်တလော ကာလပေါက်ဈေးအရ မတ်ပဲ တစ်တင်းလျှင် ကျပ် ၈၀၀၀၀ ထိ ရှိနေကြောင်း သိရပါတယ်။
“ကျွန်တော်တို့ဒေသမှာက အဓိကစပါးကိုပဲ စိုက်ကြပါတယ်။ ဆောင်းသီးနှံ စိုက်ခင်းလုပ်တဲ့သူ တော်တော်လေးကို နည်းပါးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လုပ်လေ့လုပ်ထ မရှိတာနဲ့လည်း ဆိုင်ပါတယ်။ ပြီးတော့ ဈေးကောင်းမရတာကြောင့် သိပ် စိတ်မဝင်စားခဲ့ကြဘူးပေါ့။ အခုနောက်ပိုင်း နှစ်တွေကျမှ စိုက်ပျိုးလာကြတယ်။ အရင်နှစ်ကဆိုရင် မတ်ပဲစပေါ်တဲ့အချိန်မှာ တစ်တင်းကို ၃၅၀၀၀ ဈေးပေါက်တယ်။ ဒီနှစ်တော့ ဈေးကောင်းနိုင်ပါတယ်။ ပေါ်စကာလမှာတောင် ၈၀၀၀၀ ကျပ် ထိရှိနေတော့။ အခြေအနေကောင်းတယ်လို့ ပြောနိုင်တယ်ဗျာ။” ဟု တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာမှ မတ်ပဲစိုက်ပျိုးသူ တောင်သူ ဦးလှထွန်းစိန်က RiA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မတ်ပဲကို တောင်ကုတ်မြို့နယ်တွင် တချို့ဒေသများ၌ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း ကျန်မြို့နယ်များတွင် တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးလုပ်လျှက်ရှိကြကာ မတ်ပဲ တစ်ဧကလျှင် အနည်းဆုံး ၂၀ တင်း အထိ ထွက်ရှိသည့် အတွက် ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွင် တွက်ခြေကိုက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတာကြောင့် တောင်သူများအနေနှင့် ယခင်ကထက် ပိုမို အဆင်ပြေလာနိုင်ကြောင်း ဒေသခံ တောင်သူများက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပဲစိုက်ပျိုးလုပ်ကိုင်သူများမှာ မြေပဲ၊ ပဲကြီး၊ ပဲတီစိမ်း စသည့်ပဲများကိုသာ အဓိကထား စိုက်ပျိုးလေ့ရှိပြီး ယခုနောက်ပိုင်းနှစ်များမှ စတင်ကာ ဈေးကောင်းရရှိတဲ့ မတ်ပဲနှင့် တခြားသီးနှံများကို စတင် စိုက်ပျိုးလာကြခြင်းဖြစ်ကာ တချို့တောင်သူများမှာ စိုက်ပျိုးရန် နည်းပညာ လိုအပ်ချက်များရှိနေသေးတာကြောင့် မတ်ပဲကို စိုက်ပျိုးလုပ်ကိုင်သူ အလွန်နည်းပါးနေသေးခြင်းဖြစ်ကြောင်း သိရပါတယ်။
“ ကျွန်တော်တို့ဆီက စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့ သူတွေကတော့ သမားရိုးကျ စိုက်ပျိုးနည်းတစ်ခုတည်းကိုပဲ လုပ်ကြပါတယ်။ စပါးပြီးရင် တခြားသီးနှံစိုက်ပျိုးဖို့အတွက် နည်းပညာမရှိသလို ဈေးကွက်ကလည်း မရှိတော့ အရှုံးပေါ်ကြတယ်။ မိုးရာသီးမှာလည်း စပါးကလွဲရင် ဘာမှမစိုက်ဘူး။ အခုက စပါးလည်း ဈေးကောင်းမရဘူး။ လယ်သမားတွေကတော့ ဘာပဲစိုက်စိုက် ရှုံးနေတာပဲ။ တိုးချဲ့ လုပ်ကိုင်ဖို့ကလည်း ဆင်းရဲတယ်။ ငွေကြေးအရင်းအနှီး မစိုက်ထုတ်နိုင်ဘူး။” လို့ မင်းပြားမြို့နယ်က လယ်သမား ဦးစံထွန်းဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှ တောင်သူများမှာ မိုးစပါးကိုသာ အဓိက စိုက်ပျိုးလေ့ရှိကြပြီး ကျန်ရာသီများတွင် သီးထပ် စိုက်ပျိုးခြင်းမပြုကြတာကြောင့် ရခိုင်ပြည်နယ်မှာ စိုက်ပျိုးမြေများပြားပြီး သီးနှံထွက်ကုန် နည်းပါးနေခြင်းဖြစ်ကာ တခြားဒေသများမှ ထွက်ရှိတဲ့ သီးနှံများကိုသာ အဓိကအားထားနေရကြောင်း ဒေသစိုက်ပျိုးရေးလုပ်ငန်းရှင်များကို ဆက်သွယ်မေးမြန်းချက်များအရ သိရပါတယ်။
0 comments:
Post a Comment