Thursday, January 14, 2016

ရခိုင်ဒေသတွင် ကိုမန်မုန်တိုင်းဒဏ်သင့်နေရာများ နွေရာသီ သောက်သုံးရေ မပြတ်လပ်စေရန် ဆောင်ရွက်သွားမည်

လေးမြို့မြစ်၊ ပန်းမြောင်းကျေးရွာ၊ မင်းပြား (ဓာတ်ပုံ - Nizar/RiA)
စစ်တွေ/RiA ၊ ဇန်န၀ါရီ ၁၄ ရက်
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ကိုမန်မုန်တိုင်း ဒဏ်သင့် ဒေသတွေကို နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုနှင့် မကြုံတွေ့စေဖို့ ကျေးလက်ဒေသ ရေရရှိရေးနှင့် ကျန်းမာရေးသန့်ရှင်းရေး ဦးစီးဌာနက  ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အထူးသဖြင့် ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တွေရှိ ရေကန်ပေါင်း ၇၅ ကန်ကို ပြန်လည်တူးဖော်ခြင်း၊ ဆည်ဖို့ခြင်း စတာတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျေးလက်ဒေသ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမူး ဦးကျော်သူအောင်က RiA ကို ပြောပါတယ်။
 “ အဓိကပြုလုပ်သွားမယ့် မြို့နယ်တွေကတော့ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွေကိုပါ အဲဒီရွာတွေက ကန်ပေါင်း (၇၅) ကန်ကို မြစ်ချောင်းတွေဆီက ရေကို စုပ်တင်ပြီး ရေချိုဖြည့်ပေးသွားမှာပါ”
ကိုမန်မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ သောက်သုံးရေကန်များ ရေငန်ဝင်၍ ပျက်စီးခဲ့မှုတွေ ရှိခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ရေသုံးစွဲမှုများအဖြစ် မြစ်ချောင်းများမှ ရေချို ရယူသုံးစွဲသူ ၆.၈% ၊ ရေကန်များမှ ရယူသုံးစွဲသူ ၄၉.၈% ရှိပြီး ရေကောင်းရေသန့် ရရှိမှုဟာ ၃၇.၈% နှုန်းခန့်သာရှိတယ်လို့ RiA ရဲ့ သုတေသနနှင့် မှတ်တမ်းဌာနက ရေသုံးစွဲမှုဆိုင်ရာ အချက်အလက်မှတ်တမ်းများအရ သိရှိရပါတယ်။
ယခု လာမယ့်နှစ်မှာတော့ ရေကောင်းရေသန့်တွေ ရရှိစေရန်အတွက် ကျပ် (၃၁) ဘီလီယံ အသုံးပြုကာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဦးကျော်သူအောင်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top