Wednesday, January 13, 2016

ရက္ခိုင့်တပ်မတော် ရဲဘော် ၂ ဦးနှင့်အတူ စကားပြောစက် အလုံး ၅၀ ကို ဖမ်းဆီးရမိဟု ဆို

ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်သူများကို ယခင်နှစ်က ကျောက်တော်မြို့နယ်တွင် ဖမ်းဆီးခြင်းခံခဲ့ရစဉ်က (ဓာတ်ပုံ - ဖိုးသီဟ)
ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၁၃ ရက်
 
တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ ရက်နေ့က ရက္ခိုင့်တပ်မတော် ရဲဘော် ၂ ဦးကို ဖမ်းမိခဲ့ပြီးနောက်မှာ တောင်ကုတ်မြို့နယ်က လျှို့ဝှက်စကားပြောစက် အလုံး ၅၀ ကို ထပ်မံ တွေ့ရှိခဲ့ကြောင်း တောင်ကုတ်မြို့နယ် အုပ်ချူပ်ရေးမှူး ဦးလူမော်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနမှာ ဇန်န၀ါရီ ၁၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။


"ဖမ်းမိတဲ့ ၂ ဦးကတော့ ရက္ခိုင့်တပ်မတော် AA ကပါ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကို ကျနော့်အနေနဲ့ မပြောပြနိုင်သေးပါဘူး" လို့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးလူမော်က ဧရာဝတီ သတင်းဌာနတွင် ဖြေကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ တနင်္လာနေ့ ဇန်န၀ါရီ ၁၁ ရက်နေ့မှာ တောင်ကုတ်မြို့နယ်ရဲမှူး ဦးစည်သူထိုက်ကို ဆက်သွယ်ခဲ့ရာမှာ အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ပြောကြားဖို့ ခွင့်ပြုချက် မရှိသေးကြောင်း ရဲမှူးက ဖြေကြားခဲ့ပါတယ်။
 
ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက်ကနေ့ ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး ဒုက္ခသည် ၂၀၀ ထက်မနည်းကို ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တွေရှိ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံ့ခွင့်ပေးထားရကြောင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာနဲ့ အခြား အကူအညီတွေ ပေးနေတဲ့ ၀ံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်  ဧပြီလအတွင်းမှာ ရက္ခိုင်တပ်မတော်နဲ့ အစိုးရတပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ အနည်းဆုံး ၂၀ ခန့် ကျောက်တော်မြို့နယ်မှာ မတရားအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်မှု မသင်္ကာမှုနဲ့ ဖမ်းဆီးခံထားရပြီး ရခိုင်တပ်မတော် ရဲဘော် ၁၈ ဦး ဖမ်းဆီးခံထားရကြောင်း ကျောက်တော်မြို့နယ် ရဲမှူး ဦးဝင်းကြည်က ဧရာဝတီရဲ့ မေးမြန်ချက်ကို ဖြေကြားထားပါတယ်။
 
RiA ရဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်အရ ယခု ဖမ်းဆီးခံထားရတဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဝင် ၂ ဦးမှာ ရဲဘော် အောင်အောင်ထွန်းနှင့် ရဲဘော် သိန်းနိုင်တို့ဖြစ်ပြီး ၎င်းတို့မှာ တပ်သားအဆင့်ထက် ပိုမိုနိုင်ဖွယ်ရှိကြောင်း၊ လွတ်မြောက်သွားသူ AA တပ်မတော်သား ၂ ဦးကို ယခုအချိန်ထိ ဒေသအာဏာပိုင်များဘက်မှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။
 
တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးတ၀ိုက်မှ သတင်းပေးပို့နေတဲ့ RiA ရဲ့ မြေပြင် သတင်းရင်းမြစ်အရ ယခုအခါ ရက္ခိုင်တပ်မတော် AA မှ တပ်ဆုတ်သွားပြီးဖြစ်ကာ ဒေသအခြေစိုက် တပ်မတော်အဖွဲ့များမှ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ပြီး AA ရဲ့ နယ်မြေများအတွင်း မှိုင်းမြုပ်ထားခဲ့မှုများ ရှိမရှိနှင့် လက်နက်များ သိမ်းဆည်းမြုပ်နှံခဲ့ခြင်း ရှိမရှိများကို စစ်ဆေးနေပြီး တိုက်ပွဲအတွင်းမှာ မြောက်ဦး ခမရ ၅၄၀ တပ်ရင်းမှာ လုံးဝ အသေအပျောက်မရှိခဲ့ကြောင်း၊ အခြားတပ်ရင်းများတွင် ဒဏ်ရာရသူနှင့် သေဆုံးသူများ တချို့ရှိခဲ့ကြောင်း RiA ရဲ့ မြေပြင် သတင်းထောက်က ပေးပို့ထားပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top