Tuesday, January 12, 2016

လိပ်ကျွန်းလူသတ်မှု သေဒဏ်ချမှတ်ခံခဲ့ရသော မြန်မာနိုင်ငံသား ၂ ဦးအတွက် တရားမျှတမှုရှိဖို့ လက်မှတ် သုံးသောင်းကျော် ထိုင်းသံရုံးသို့ ပေးပို့

ရန်ကုန်၊ ဇန်န၀ါရီ ၁၂ ရက်
 
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း လူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရတဲ့ ရခိုင်လူမျိုး မြန်မာနိုင်ငံသား ၂ ဦး အပေါ် တရားမျှတမှုရှိဖို့၊ အမှုမှန်ပေါ်ပေါက်စေဖို့ မြန်မာနိုင်ငံ မြို့ကြီး ၁၅ မြို့နယ်က လူဦးရေ ၃ သောင်းကျော် တောင်းဆိုထားတဲ့ လက်မှတ်တွေကို မနေ့က ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရဲမှူးကတဆင့် ထိုင်းသံရုံးကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ လက်မှတ်တွေကို နိုင်ငံတော် သမ္မတရုံးနှင့် ဗြိတိသျှသံရုံးတို့ထံလည်း ပေးပို့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီလက်မှတ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကနေ ၃၁ ရက်နေ့ထိ ရန်ကုန်၊ မန္တလေး၊ ကလေး စတဲ့ မြို့ ၁၅ မြို့က ကောက်ခံခဲ့တာဖြစ်ပြီး ရန်ကုန်လူငယ်ကွန်၊ ပဲခူးလူငယ်ကွန်ရက်၊ Generation Wave အပြင် အခြားအဖွဲ့ ၃ ဖွဲ့နှင့် မြို့ခံအသင်းအဖွဲ့တွေက ကောက်ခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားလူငယ်များအစည်းအရုံး AASYC ၊ ရခိုင်အမျိုးသားသမီးအဖွဲ့တွေနဲ့ ရခိုင်ကျောင်းသားအဖွဲ့တွေက ဇန်န၀ါရီ ၁၅ ရက်နေ့ထိ လက်မှတ်တွေကောက်ခံနေပြီး လက်မှတ် ၁ သိန်းထိ ကောက်ခံသွားမှာ ဖြစ်ကြောင်း စီစဉ်သူတွေက ဆိုပါတယ်။

ခိုတောင်ကျွန်း (ခ) လိပ်ကျွန်း လူသတ်မှုတွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့် မြန်မာနိုင်ငံသား ၂ဦးကို ခိုစမီ့ ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top