Monday, January 11, 2016

မြောက်ဦးမြို့တွင် ရှေးဟောင်းအဆောက်အအုံ ပြုပြင်မှုများနှင့်ပါတ်သက်ပြီး ဆန္ဒဖော်ထုတ်သွားမည်ဟု သိရ

မြောက်ဦး၊ ဇန်နဝါရီ ၁၁ ရက်

မြောက်ဦးမြို့နယ်မှာ ရှေးဟောင်း အဆောက်အအုံတွေနဲ့မြောက်ဦး ရှေးဟောင်း သမိုင်းပြတိုက်သစ်အတွက် ပွင့်လင်းမြင်သာမှု မရှိတဲ့အခြေနေတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး မြောက်ဦးမြို့နယ် တောင်ရပ်ဓမ္မရုံရပ်ကွက်မှာ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


အစည်းဝေးကို မြို့ပေါ်က လူဦးရေ ရှစ်ဆယ် နီးပါးတက်ရောက်ခဲ့ကြပြီး မြောက်ဦးမြို့နယ်က ရှေးဟောင်းပုထိုးတော်တွေ ရေရှည် တည်တံ့ခိုင်မြဲရေးနဲ့ နန်းရာကုန်းပေါ်မှာ ဖွင့်လှစ်သွားမည့် ရှေးဟောင်းပြတိုက်သစ်နဲ့ပါတ်သက်ပြီး ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက RiA ကို ပြောပါတယ်။

“အမတို့ အဓိကဆွေးနွေးတာက ရှေးဟောင်းသုတေသန ဌာနပေါ့နော် ရခိုင်ပြည်နယ် အစိုးရဘက်က ဘက်ဂျက်နဲ့ နန်းရာကုန်းမှာ လမ်းခင်းဖို့အတွက် ပိုက်ဆံ ၂၉ သန်းနဲ့ သူတို့လမ်းခင်းဖို့ ကြိုးစားတယ်။ နောက်တစ်ခုက ပြတိုက်ကိစ္စ ၊ပြတိုက်ကကျတော့ သန်းသုံးရာနဲ့ ပြတိုက်ကို စုပေါင်းရုံးကို ပြန်ပြုပြင်ထားတယ်၊ စုပေါင်းရုံးကို သူတို့ပြတယ်။ ပြတိုက်ဖွင့်မယ် ဆိုပြီးတော့ အဲဒါကို မြို့သားရွာသားတွေက မကျေနပ်ကြဘူးလေ၊ ဒါကြောင်းဆန္ဒပြမယ်ဆိုပြီး စီစဉ်ဖြစ်သွားကြတာ “

မြောက်ဦးနန်းရာကုန်းထက်တွင် လက်ရှိရှေးဟောင်းပြတိုက် တစ်ခုရှိပြီး နောင်ဖွင့်လှစ်မယ့် ပြတိုက်ကို ယခု ဆောက်လုပ်ရန် ရရှိထားသောငွေက ကမ္ဘာအဆင့်မီ ပြတိုက်တစ်ခုကို ဆောက်လုပ်လို့ရတယ်လို့လည်း ဒေါ်ခင်သန်းက ဆိုပါတယ်။

“ပြတိုက်ကကျတော့ နန်းရာကုန်းပထမ အဆင့်မှာ ရှိတာ၊ နန်းရာကုန်း ဒုတိယ အဆင့်မှာ ရှိတဲ့ စုပေါင်းရုံး(မြောက်ဘက်) အင်္ဂလိပ် ခေတ်က ဆောက်ထားတာ ပြိုမယ်လို့ထားတာ၊ ရှင်းရှင်းပြောရရင် ပိုက်ဆံကို အကုန်ပြလိုက်သလိုပဲ ရုံးဟောင်းကို ပြပြီးမှ သန်းသုံးရာ အသုံးပြုတယ်ဆိုပြီး ပြလိုက်တာ တကယ်တမ်းဆောက်မယ်ဆိုရင် ကမ္ဘာအဆင့်မီ ရှေးဟောင်းပြတိုက် ဆောက်လုပ် လို့ရပါတယ်။ ခုဟာက သန်းတစ်ရာတောင် ကုန်မယ် မထင်ဘူး၊သူတို့က အခု မလိုအပ်တော့တဲ့ ဟာကြီးကို ပြတိုက်ဆိုပြီး ပြဖို့ ကြိုးစားနေကြတာ၊ တကယ်တမ်းဆိုရင် ပြတိုက်က နန်းရာကုန်းမှာလည်း ရှိပြီးသားပဲ၊အဲဒါကို မြို့သူမြို့သားတွေက မကျေနပ်လို့ ဆန္ဒပြကြမှာ’’

အဆိုပါ ဒေါ်ခင်သန်း ပြောကြားတဲ့ ရှေးဟောင်းပြတိုက်သစ်ကိစ္စနဲ့ ပါတ်သက်ပြီး ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသန ညွန်ကြားရေးမှူး ဦးဘုန်းကျော်အား RiA မှ ဆက်သွယ်ပြီး အတည်ပြုမေးမြန်းခဲ့ပေမယ့် ခရီးလွန်နေတဲ့ အတွက်ဖြေကြားနိုင်ခြင်း မရှိသေး ဘူးလို့ ဆိုပါတယ်။

ဦးဘုန်းကျော် ချိန်းဆိုထားတဲ့နေ့ရက်ကို စောင့်ဆိုင်းပြီး ဆက်သွယ်ခဲ့ပေမယ့် တစ်ဘက်မှ ဖုန်းပိတ်ထားခဲ့ပြီး၊ ယနေ့ နေ့လည် ၂ နာရီ အချိန်ခန့်တွင်လည်း ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် တစ်ဘက်မှ ဖြေကြားခြင်းကို မရရှိခဲ့ပါ။

မြောက်ဦးမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ်ဏ္ဍာရေးနှစ် အတွင်း မြောက်ဦးရှေးဟောင်း သုတေသန ပြတိုက်ပြောင်းရွေ့ တည် ဆောက်ခင်းကျင်း ပြသခြင်း၊(၂) နန်းတော်ကုန်းရှိ မဟာပညာကျော် လမ်းလွဲဖောက်လုပ်ခြင်း၊ (၃)ဘားဘူတောင်စေတီများ မြေထိမ်းနံရံပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း။ (၄) ကြောင်လည်ဒုံခံတပ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း။ (၅) မင်္ဂလာမာရ်အောင် ကျောက်စီတံတိုင်း ထိန်းသိမ်းခြင်းလုပ်ငန်း။ (၆) ရှေးဟောင်းစေတီပုထိုး (၅)ဆူ ထိန်းသိမ်းခြင်းလုပ်ငန်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အရ ထုတ်ပြန်ချက်အရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top