ပုဏ္ဏားကျွန်း၊ ဇန်န၀ါရီ ၇ ရက်
ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက် (ခ) သက္ကမ အမျိုးသားတို့၏
ရပိုင်ခွင့်များအတွက် မြန်မာအစိုးရ သစ်ကို တောင်းဆိုသွားမှာ ဖြစ်ကြောင်း
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်မှ ၀န်ကြီး ကာလီကုမာ တင်ချယ်ကျူ (Kali Kumar
Tongchaugya) က ဒီကနေ့ ဇန်န၀ါရီ ၇ ရက်နေ့ မနက် ၉ နာရီအချိန်
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက်
ဒိုင်းနက် (ခ) သက္ကမ အမျိုးသားနေ့မှာ ပြောကြားခဲ့ပါတယ်။
“ကျနော် ဒီကို ရောက်တော့ ကျနော်တို့ သက္ကမ အမျိုးသားတို့တွေ
ပညာရေးနိမ့်ကျမှု၊ လူနေမှုစနစ်နိမ့်ကျမှုတွေကို တွေ့ရတဲ့အတွက်
အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သူတို့တွေရဲ့ နိုင်ငံသားဆိုင်ရာ
ရပိုင်ခွင့်များအရပ်ရပ်အတွက် ဆုံးရှုံးနေမှုတွေကို ပြန်လည်ရရှိဖို့
ကျနော်တို့ တမျိုးသားလုံးက အစိုးရသစ်ကို တောင်းဆိုသွားမှာပါ”
ဒိုင်းနက်အမည်မှာ ရခိုင်ဘုရင် မင်းထီးလက်ထက်က စစ်အောင်ခဲ့တဲ့အတွက်
ဒိုင်းခွန်ကို ဆက်သရတာကြောင့် ဒိုင်းနက်အမည်အဖြစ် တွင်နေတာဖြစ်ပြီး
လက်တွေ့မှာ သက္ကမလူမျိုး - သကျသာကီနွယ်များသာ ဖြစ်ကြောင်း ကာလီကူမာ က
ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ သက္ကမ လူမျိုးတွေ
အားလုံးပါဝင်တဲ့ ကမ္ဘာ့ညီလာခံတစ်ခု ခေါ်ယူသွားဖို့ ကြိုးပမ်းနေပြီး သက္ကမ
ဘာသာစကား၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုတွေကို ကမ္ဘာ့က ပြန်လည်
အသိအမှတ်ပြုဖို့၊ ဒိုင်းနက်အမည်ကို ဖယ်ရှားပြီး သက္ကမ အမည်အဖြစ်
အသုံးပြုဖို့၊ ဒီအမျိုးသားနေ့ကနေ စတင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း
သက္ကမအမျိုးသားနေ့ကို တက်ရောက်လာသူတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း
သိရပါတယ်။
ကျင်းပပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက် သက္ကမ အမျိုးသားနေ့မှာ
၎င်းတို့ရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးများနှင့် ပတ်သက်၍ စာတမ်းများ
ဖတ်ကြားခြင်း၊ ရိုးရာအကများဖြင့် ကပြဖြေဖျော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး
ရခိုင်ပြည်နယ်ရှိ ဒိုင်းနက် (ခ) သက္ကမ အမျိုးသား ၄၀၀ ခန့်က တက်ရောက်ခဲ့ကြပါတယ်။
0 comments:
Post a Comment