စစ်တွေ၊ ဒီဇင်ဘာ ၁ ရက်
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အမှတ် (၃) တွင် နေထိုင်ကြတဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခတိမ်းရှောင် ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေအတွက် မင်းဂံရပ်ကွက်၊ ဥယျဉ်သာရပ်ကွက်မှာ လုံးချင်းအိမ်ရာတွေ တည်ဆောက်နေခြင်းနဲ့ ပတ်သက်ပြီး နေအိမ်ခိုင်ခံမှုအားနည်းမှာကို ဒုက္ခသည်တွေက စိုးရိမ်နေကြတယ်လို့ စက်ရုံစုရပ်ကွက် (၃) ဒုက္ခသည်စခန်း တာဝန်ခံ ဦးကျော်အေးက RiA ကို ပြောပါတယ်။
လုံးချင်းအိမ်ရာတွေကို အကွက်ရိုက်ရာမှာ ပေ ၂၀’ × ၃၀’ နှင့် အိမ်တစ်ဆောင်အတွက် ကုန်ကျတန်ဖိုး ကျပ် ၂၄ သိန်းနှင့် စုစုပေါင်း နေအိမ် ၁၅၁ လုံး တည်ဆောက်နေတာဖြစ်ပြီး ပြည်နယ်အစိုးရခွင့်ပြုရံပုံငွေ ကျပ်သိန်းပေါင်း ၃၆၂၄ သိန်း အကုန်ကျခံ တည်ဆောက်နေတာဖြစ်ကာ နေအိမ်တစ်ဆောင်အတွက် ခွင့်ပြုငွေ ကျပ် ၂၄ သိန်း ဖြစ်ပါတယ်။
အဆိုပါ လုံးချင်းနေအိမ်တွေအတွက် မူလသဘောတူညီချက်ဖြစ်တဲ့ ၀ါးထရံကာ၊ ဓနိမိုး အစား သွပ်မိုး၊ အခင်း သစ်နှင့် သစ်ကို ကာရံပြီး တိုးမြှင့် တည်ဆောက်ပေးနေတာဖြစ်တဲ့အတွက် အနည်းငယ် အားနည်းချက်တွေ ရှိရုံမှအပ သစ်ကောင်းတွေကို အသုံးပြုဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်း တာဝန်ယူဆောက်လုပ်နေတဲ့ အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်ဟန်က RiA ကို ပြောပါတယ်။
စက်ရုံစုရပ်ကွက် (၃) တွင် နေထိုင်သူ ပဋိပက္ခတိမ်းရှောင်ဒုက္ခသည် အိမ်ထောင်စု ၁၅၁ စု၊ လူဦးရေ ၆၆၇ ဦး ရှိပြီး သူတို့ဟာ ၂၀၁၂ ခုနှစ် ပဋိပက္ခမတိုင်မီ စစ်တွေမြို့နယ် နာဇီ (စက်ရုံစု)၊ မှန်စီ၊ ကုန်တန်း၊ အနောက်စံပြ ရပ်ကွက်တွေမှာ နေထိုင်ခဲ့သူတွေ ဖြစ်ကြောင်း သိရပါတယ်။
လုံးချင်းနေအိမ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က စတင်တည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ကြောင်းလည်း အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီက RiA ကို ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment