ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးဘုရားအနီး၊ ဂုံးချိန်ကျေးရွာတွင် ဘင်္ဂလီဒုက္ခသည်စခန်းများအား ပြန်လည် နေရာတိုးချဲ့ပေးမည် ဆိုသည့် သတင်းကြောင့် မြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ကျော်ခန့်မှာ ဂုံးချိန်ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီတွင် လူပေါင်း ၃၀၀ ကျော် တက်ရောက်သည့် တွေ့ဆုံ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဘင်္ဂလီဒုက္ခသည်စခန်းများအား နေအိမ်တိုးချဲ့ ဆောက်လုပ်ပေးမည့်ဆိုသော မြေနေရာများတွင် မြေနေရာများ အကွက်ရိုက်ပြီး သင်္ကေတအလံငယ်များ စိုက်ထူလျှက်ရှိသည့်အတွက် ကျောက်ဖြူမြို့မှ ဒေသခံများ စုစည်းပြီး နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအ၀င် တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်သူ ကျောက်ဖြူမြို့နယ် လူမှုကွန်ရက်မှ ဦးထွန်းလင်းက ဆိုသည်။
“ ဒုက္ခသည်တွေအဖြစ် မူလနေရာမှာ ရှိနေတာကို ကျနော်တို့ လက်ခံပါတယ်။ အခု ဆောက်လုပ်ပေးမယ့် နေရာကတော့ မြို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ကျောက်တစ်လုံး ဘုရားအနီးမှာဆိုတော့ ဘာသာခြားတွေကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။”
ဘင်္ဂလီဒုက္ခသည်စခန်းများအား ပြန်လည်နေရာချထားပေးမည့် အနေအထားမှာ ယာယီစခန်း ပုံစံမျိုး မဟုတ်ဘဲ သုံးထပ်ဆောင်များပင် ပါရှိနေသည်ကို ကြားသိရကြောင်း ၎င်းက ဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဘင်္ဂလီဒုက္ခသည်များအား စခန်းချထားကြောင်းကို လက်ခံနိုင်သော်လည်း ဘုရားအနီးတွင် ထားရှိခြင်းကို ဒေသခံများက မနှစ်မြိုခြင်းကြောင့် တခြားနေရာများတွင် ရှာဖွေထားရန် စီစဉ်သော်လည်း ထားရှိမည့်နေရာအနီးမှ ဒေသခံရွာသူရွာသားများက လက်မခံသောကြောင့် ပြောင်းရွှေ့ရန်အခက်အခဲရှိနေကြောင်း ဆွေးနွေးပွဲတက်ရောက်သူများ ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
ထို နေရာချထားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့များသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် တစုံတရာ မသိရှိသေးသဖြင့် သတင်းထုတ်ပြန်ရန် ခက်ခဲကြောင်း ပြောဆိုသည်။
မြေနေရာများကို တိုးချဲ့ခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်စည်ပင်သာယာရေး ဥက္ကဌ က “ ကျနော်တို့နဲ့ ဆိုင်တဲ့ စည်ပင်မြေတော့ မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စက မြို့ခံလူထုရဲ့ သဘောထား မပါဘဲ တည်ဆောက်ဖြစ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment