စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်၊ မေယုလမ်းမပေါ်တွင် တည်ရှိသည့် ဝေသာလီ အားကစားကွင်းကို အဆင့်မြင့်တင်ရေး စီမံချက်များ ဆောင်ရွက်နေပြီး ယခုအခါ အာရှဘောလုံးအဖွဲ့ချူပ်မှ လက်ခံနိုင်သည့် ပုံစံဖြစ်လာစေရန်အထိ ရည်ရွယ်ပြင်ဆင်နေကြကြောင်း သိရသည်။
အဆိုပါ ဘောလုံးကွင်းကို ၂၀၁၂ ခုနှစ်ကတည်းက အဆင့်မြင့်တင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သော်လည်း ပြည်နယ်၏ မတည်ငြိမ်မှုများကြောင့် အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရပြီး ယခု ၂၀၁၅ ခုနှစ်တွင်မှ ပြန်လည် စတင်ပြုပြင်ခဲ့ခြင်း ဖြစ်သည်။
ဘောလုံးကွင်း အဆင့်မြင့်တင်ရေးနှင့် တည်ဆောက်ရေးများအတွက် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းပိုင်ရှင်ဖြစ်သူ ဦးဇော်မင်းသိန်းက ဦးဆောင်နေခြင်းဖြစ်ပြီး ကွင်းပြီးစီးပါက ရခိုင်ယူနိုက်တက်အသင်း၏ အိမ်ကွင်းအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ကာ မြန်မာနယ်ရှင်နယ်လိဂ်တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဘောလုံးကွင်း စီမံကိန်းများအရ ကွင်းအနီးတွင် ဈေးဝယ်စတင်၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ လုံးချင်းအိမ်များ၊ အထပ်မြင့်အိမ်ရာများနှင့် အသေးစားလေ့ကျင့်ရေးကွင်းငယ်များကိုပါ တည်ဆောက်သွားမည်ဖြစ်ကာ ပြည်နယ်အိမ်ကွင်းများတွင် အကောင်းဆုံး ဘောလုံးကွင်းတစ်ကွင်း ဖြစ်လာစေရန် စီစဉ်ဆောင်ရွက်နေကြကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအရ ဘောလုံးကွင်းကို ပွဲကြည့်စင်များ ဖြည့်သွင်းခြင်း၊ ကွင်း၏ အနေအထားကို အာရှ ဘောလုံးအဖွဲ့ချူပ်က လက်ခံနိုင်သော ပုံစံဖြစ်အောင် စီစဉ်ခြင်း၊ ကွင်းအ၀င်ဝ၌ လုံးချင်းအိမ်များနှင့် ဈေးဆိုင်ခန်းများကိုလည်းကောင်း ကွင်း၏ ဘေးပတ်လည်တွင် လုံးချင်းအိမ်ပေါင်း ၁၀၀ ခန့်နှင့် အထပ်လေးထပ်ပါသော အဆင့်မြင့်အိမ်ရာ အလုံးရေ ၁၆ လုံးနှင့် အသေးစား လေ့ကျင့်ရေး ကွင်းနှစ်ကွင်း စသည်တို့ကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment