Saturday, November 7, 2015

ရခိုင်စက်မှုခေတ်ပြောင်းလဲချိန်မှာ လယ်သမားလူတန်းစားတွေ ကျန်ရစ်ခဲ့မှာလား

လယ်ကွင်းတွေထဲမှာ အဆောက်အအုံကို မြင်တွေ့နေရပါတယ်။ အရင်တုန်းကဆိုရင် ဒီနေရာမှာ စိမ်းလန်းတဲ့ စပါးခင်းတွေနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ လယ်သမားတွေကို မြင်ကြရမှာပါ။ ခုတော့ ဒီမြင်ကွင်းတွေက ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်း ကျေးရွာကို စွန့်ခွာခဲ့ပါပြီ။
ဖွံ့ဖြိုးပြုစ နိုင်ငံတွေရဲ့ စံအတိုင်း စက်မှုဇုန်စီမံကိန်းတွေလည်း ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့ပါပြီ။ ကျောက်ဖြူစက်မှုဇုန်အပြင် ပုဏ္ဏားကျွန်း စက်မှုဇုန်လည်း အကောင်အထည်ဖော်ကြရန် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ စက်မှုဇုန်ဟာ ပုဏ္ဏား ကျွန်းဒေသမှာ ပေါ်ပေါက်လာပေမယ့် လယ်သမားတွေဟာ သူတို့ရဲ့လယ်မြေတွေ ဆုံးရှုံးခံခဲ့ရတာကြောင့် ရရှိနေတဲ့ အခြေနေတွေနဲ့ ကျင့်သား မဖြစ်သေးတာကို မြင်ရပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းမှာ လယ်ဧကပေါင်း ၁၈၃၃.၁၅ ဧက ပါရှိခဲ့ပါတယ်။ ပါရှိသွားတဲ့ လယ်တွေကို လျော်ကြေးပေးနေပြီဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လျော်ကြေးပေးတဲ့ ပုံစံကို ခုလို ရှင်းပြပါတယ်။

“ပုံစံ ၇ ထုတ်ပြီးသားပေါ့နော်။ လယ်မြေစစ်စစ်တွေဆိုတော့ တစ်ဧကကို နှစ်ဆယ်နဲ့ ငါးသိန်းပါ လျော်ကြေးပေးတာ။ စားကျက်မြေနဲ့ ပတ်သက်ပြီးတော့ တစ်ဧကကို တစ်ဆယ့်ငါးသိန်းပေါ့နော်။ ပြီးတော့ မြေလွတ်မြေရိုင်း၊ ပလပ်မြေ စတာတွေကိုတော့ တစ်ဧကကို ဆယ်သိန်း ကျပ်သိန်း တစ်ဆယ်နှုန်းနဲ့ ကျနော်တို့ လျော်ကြေးပေးအပ်နေတာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အတိုင်းတာနဲ့ကြည့်ရင် မထူးခြားပေးမယ့် အခြားတစ်ဘက်မှာ လယ်သမားတွေရဲ့ ဘဝနေထိုင်မှုဟာ အပြောင်းလဲကြီး ဖြစ်ပေါ်နေကြပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန်မှာ လယ်ယာမြေတွေ ပါရှိသွားတာကြောင်း လျော်ကြေးငွေရရှိလာတဲ့ အထဲမှာ တစ်သက်လုံး လယ်လုပ်လာတဲ့ အသက် ၇၀ အရွယ် အမည်မဖော်လိုတဲ့ အဘိုးကြီးတစ်ဦးလည်း ပါပါတယ်။ သူဟာ သူ့လယ်မြေတွေကို သားသမီးတွေကို လက်ဆင့် ကမ်းချင်ပေမယ့် လျော်ကြေးငွေသာ ရရှိခဲ့တာကြောင့် လျော်ကြေးငွေကို ခွဲဝေပေးလိုက်တော့မယ်လို့ သူက ခုလိုဆိုပါတယ်။

“အလုပ်အကိုင်မဲ့နေတဲ့ သားတစ်ဦးကတော့ စစ်တွေမှာ ရှိနေပါတယ်။ တစ်ဦးကတော့ စက်ပြင်ဆရာအဖြစ် လုပ်နေပါတယ်။ နောက်တစ်ဦးကတော့ ယာဉ်မောင်းအဖြစ်ပေါ့။ မြေးတွေကတော့ အိမ်မှာ မှီခိုပါ။ ပိုက်ဆံရပြီဆိုရင်တော့ ငွေကို သားသမီးနဲ့ မြေးတွေကို အဝေကျ ခွဲဝေပေးလိုက်ရတော့မယ်ပေါ့။”

ဒါဟာ မိသားစုကို သက်မွေးဝမ်းကျောင်း အမွေတစ်ခု ချန်သွားခဲ့နိုင်တာ မဟုတ်ပေမယ့် ငွေကြေးစီမံခန့်ခွဲမှု တစုံတရာ နိုင်နင်းမှု မရှိခဲ့ရင် မိသားစုဘ၀တစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုတာ သိပေမယ့်လည်း ရွေးချယ်စရာ လမ်းမရှိတော့ဘူး လယ်သမားကြီးက ဆိုပါတယ်။

အခြားတစ်ဘက်မှာ လယ်သမားတွေဟာ လယ်တွေပါရှိသွားပေမယ့် ရရှိလာတဲ့ငွေတွေကို ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ လျော်ကြေးငွေတွေအဖြစ် ရရှိလာတဲ့ ပိုက်ဆံတွေကို ဘယ်လိုဆက်လုပ်မလဲ ဆိုတာကို လယ်မြေသိမ်းဆည်းခံ တစ်ဦးဖြစ်တဲ့ ရပေါက်ချောင်းကျေးရွာက ကိုထွန်းသိန်းက သူရဲ့အစီစဉ်ကို ဝေဝါးစွာ ပြောဆိုပါတယ်။

“ရလာတဲ့ငွေကိုတော့ ဘဏ်မှာပဲထားရတော့မှာပါ၊ နောက်မှာပဲ အလုပ်အကိုင်တစ်ခုရှာရတော့မှာပါ။”

သိမ်းပိုက်ထားတဲ့ လယ်မြေတွေထဲမှာ စားကျက်မြေတွေပါ ပါရှိသွားတဲ့အတွက် ကျွဲနွားတွေရဲ့ စားရေး သောက်ရေး အခြေနေ ခက်ခဲမှာကိုလည်း စိုးရိမ်ပူပန်နေတဲ့သူတွေ ရှိပါတယ်။ လယ်ယာတွေကို သိမ်းပိုက်ပြီး စက်မှုဇုန်အဖြစ် ဖန်တီးတဲ့အထဲမှာ အမှန်တကယ် စက်မှုဇုန်သာပေါ်ပေါက်ခဲ့ရင် လုပ်ငန်းခွင်တွေထဲမှာ အလုပ်လုပ်ကိုင်လိုနေတဲ့ သူတွေလည်း ရှိကြပါတယ်။

အဲဒီအထဲမှာ ရေပေါက်ချောင်းကျေးရွာက လယ်မြေသိမ်းဆည်းခံ နောက်တစ်ဦးဖြစ်သူ ဒေါ်မသန်းနုက သူရဲ့ သမီးငယ်တွေ အလုပ်လုပ်ကိုင်လိုတယ် ဆိုတာကို ခုလိုပြောပါတယ်။

“ကျမ မှာသားငယ်နှစ်ဦး သမီးသုံးဦးရှိပါတယ်။ ပညာသင်နေတဲ့သူတွေလည်း ရှိပါတယ်။ သမီးကြီးကတော့ ရက်ကန်းသင်တန်း ကျောင်းတက်ပြီး အလုပ်ရှာနေပါတယ်၊ ဖြစ်နိုင်ရင် ကျမရဲ့ သမီးတွေကို စက်မှုဇုန်မှာလည်း အလုပ်ရစေချင်ပါတယ်။”

ပုဏ္ဏားကျွန်း စက်မှုဇုန်မှာ စားသောက်ကုန်၊ အထည်ချူပ်၊ လူသုံးကုန်၊ ဓာတုဗေဒလုပ်ငန်း၊ သစ်နှင့် သစ်အချောထည်လုပ်ငန်း၊ ဆန်စက်နှင့် အမှုန့်ကြိတ်လုပ်ငန်း၊ ပုံနှိပ်နှင့် စက္ကူလုပ်ငန်း၊ သံသတ္တုစက်ရုံ၊ ရေနှင့် ရေထွက်ပစ္စည်း လုပ်ငန်း၊ ယာဉ်နှင့် ယာဉ်အပိုပစ္စည်းစက်ရုံ၊ ဘိလပ်မြေအိတ်သွတ်စက်ရုံအပြင် ၀န်ဆောင်မှုလုပ်ငန်း စက်ရုံအလုပ်ရုံပေါင်း အမျိုးအမည် ၂၄ ခုထိ ရှိနေပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံများရဲ့ စက်ရုံအလုပ်ရုံ တည်ဆောက်ရေးစီမံကိန်းတွေဟာ သူတို့ နိုင်ငံတွေကနေ ဖွံ့ဖြိုးစနိုင်ငံငယ်လေးတွေကို ရွေ့ပြောင်းလာကြပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ အလုပ်သမား လုပ်အားခ၊ မြေယာ စတဲ့ လျော်ကြေးတန်ဖိုးတွေဟာ သူတို့နိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံလို ဖွံ့ဖြိုးစ ဒေသတစ်ခုအတွက် မပြောပလောက်တဲ့ အရာတွေပါ။ အလုပ်ရုံစက်ရုံတွေကနေ ထွက်ရှိလာမယ့် စွန့်ပစ်စ္စည်းတွေနဲ့ ယဉ်ကျေးမှုသစ်တွေကို ရခိုင်ဒေသခံတွေ ဘယ်လိုဖြတ်သန်းမယ်ဆိုတာ ခန့်မှန်းဖို့ အဖြေရှာမတွေ့သေးပါဘူး။

ဒီလိုလယ်မြေတွေကို သိမ်းပိုက်ပြီး စက်မှုလုပ်ငန်းခွင်တွေနဲ့ မကျွမ်းကျင်တဲ့ လယ်သမားတွေရဲ့ ကံကြမ္မာကို ဘယ်လိုထိခိုက်လာစေနိုင်သလဲ ဆိုတာကိုလည်း စစ်တွေ မဲဆန္ဒနယ်အမတ်(၂) ပြည်သူလွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ဇောဦးက ခုလို ထင်မြင်ချက်ပေးပါတယ်။

“လယ်သမားတွေကို တချို့နေရာတွေမှာ ကျရင် စီမံကိန်း၊ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ ဖော်ဆောင်ကြတယ် ဆိုတာက မှန်ပါတယ်။ သို့ပေမယ့် စီမံကိန်းတွေကို လုပ်တဲ့အခါ အရင်ရှိတဲ့ မြေယာပိုင်ဆိုင်တဲ့သူတွေကို လယ်ယာကို အခြေခံပြီး အသက် မွေးဝမ်းကျောင်းပြုလုပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် တစ်ဧကကို နှစ်ဆယ့်ငါးသိန်းအနေနဲ့ လယ်သမားတွေရရှိတာဟာ ရေရှည်ကို အထောက်ပံ့ပေးနိုင်ရဲ့လား၊ တစ်ချို့ဆိုရင် နှစ်ဆယ့်ငါးသိန်း ရရှိသွားပေမယ့် ဘာမှ မလုပ်တတ်တဲ့ အတွက်ကြောင့် ဘဏ်မှာအပ်ထားရင်း ထိုင်စားနေကြရင်း ကုန်သွားကြပါတယ်၊ လျော်ကြေးက ရရှိလိုက်တာ မှန်ပေမယ့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေတဲ့ လုပ်ငန်းက ပျောက်သွားပြီ၊ လယ်သမားတွေကို လယ်မြေသိမ်းပြီး ပေါက်ဈေးဆိုပြီးတော့ ပေးပေမယ့် ပြသနာက မပြေလည်သေးပါဘူး။ အဲဒီလယ်သမားတွေ အခက်ခဲ မဖြစ်ရအောင် သက်မွေးဝမ်းကျောင်း ပုံစံတွေဘယ်လို ပုံဖော်မလဲဆိုတာ သက်ဆိုင်ရာ အစိုးရအဖွဲ့စည်းတွေနဲ့ တည်ဆောက်တဲ့ ကုမ္ပဏီရယ် နိုင်ငံရေးသမားတွေကပါ ပါဝင်ပြုလုပ်ပေးသင့်တယ်၊ ဒါကို အရေးကြီးတဲ့ ပြသနာတစ်ရပ် အနေနှင့် ကျနော်တို့ ထည့်သွင်း စဉ်စားသင့်ပါတယ်။”

ရခိုင်ပြည်နယ်မှာ အကောင်အထည် ဖော်ကြမယ့်စက်မှုဇုန်စီမံကိန်းတွေဟာ အမှန်တကယ် အလုပ်ဖြစ်ကြမှာလား၊ လယ်သမားတွေရဲ့ လယ်မြေစွန့်ခွာမှုတွေနဲ့ ထိုက်တန်ရဲ့လားဆိုတာကို ကြည့်ကြရအုံးမှာပါ။ သေချာတာကတော့ စိမ်းလမ်းနေတဲ့ လယ်ကွင်းပြင်တွေမှာ ကျွဲနွားတွေပျောက်လာပြီး မီးခိုးတလူလူနဲ့ စက်ရုံတွေကိုမြင်တွေ့လာရမှာ ဖြစ်ပါတယ်။

စီမံကိန်းဖော်ဆောင်သူတွေအနေနဲ့ လယ်သမားတွေရဲ့ ကံကြမ္မာအတွက် လျော်ကြေးငွေပေးတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဆိုပေမယ့် သက်မွေးဝမ်းကျောင်း ပြောင်းလဲမှုတစ်ခု ခိုင်မာစွာ ဖော်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ မြန်မာ့ဒီမိုကရေစီရွေ့လျားမှုနဲ့အတူ ရခိုင်စက်မှုခေတ်ပြောင်းလဲချိန်မှာ လယ်သမားလူတန်းစားတွေ ကျန်ရစ်ခဲ့မှာလားဆိုတာကတော့ ဝေခွဲမရနိုင်သေးပါ။

ဝေမိုး

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top