Saturday, November 7, 2015

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အောင်မြင်ခဲ့ရင် ရခိုင်ပြည်သူတွေလည်း နားမျက်စိပွင့်သွားမှာပါ

ဆက်သွယ်မေးမြန်းသူ - Nizar/RIA

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ခရီးစဉ်များ အတွင်း ဆန္ဒပြကန့်ကွက်မှုများကြောင့် မလိုလားအပ်သော ဆူပူမှုများ ဖြစ်ပေါ်လာမည်လားဟု စိုးရိမ်ဝေဖန်မှုများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (ရခိုင်ပြည်နယ်) ဥက္ကဌ - ဦးညီပုနှင့် ဆက်သွယ်မေးမြန်းချက်။
RIA ။ အန်တီစုရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ NLD ကို မလိုလားသော ရခိုင်တိုင်းရင်းသားတချို့က ဆန္ဒပြကန့်ကွက်မှုတွေ ပြုလုပ်သွားမယ်ဆိုပြီး အတည်ပြုရန် ခက်ခဲတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်ခင်ဗျား။ ဆရာ ဦးညီပုရော ကြားမိသေးလားခင်ဗျား။

UNP ။ ကျနော်တို့ကတော့ အတိအကျတော့ မကြားမိသေးပါဘူး။

RIA ။ ဟုတ်ကဲ့ဆရာ။ ဆိုတော့ တကယ်လို့များ အန်တီစုရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဆန္ဒပြ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့မယ်ဆိုရင် ဒေသခံ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘာတွေ ကြိုပြင်ဆင်ထားမှုများ ပြုလုပ်ထားပါသလဲ။

UNP ။ ကျနော်တို့ဘက်ကတော့ အကယ်၍ ဖြစ်လာခဲ့ရင်တော့ တတ်နိုင်သမျှ ပြေပြေလည်လည်ဖြစ်အောင်တော့ ဖြေရှင်းရမှာပေါ့ဗျာ။ ပြောရဆိုရမှာပေါ့။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ တတ်နိုင်သမျှလည်း ဒေသခံတွေကနေပြီးတော့ ပြောတာဆိုတာ၊ ညှိနှိုင်းဆောင်ရွက် နေတာမျိုးတော့ လုပ်ရမှာပေါ့ဗျာ။

RIA ။ ဟုတ်ကဲ့ပါ။ အခြားတဘက်မှာ အန်တီစုရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ပြီးခဲ့တဲ့ ဒီပဲယင်း အရေးခင်းလိုမျိုး ဖြစ်ပေါ်လာနိုင်တယ်လို့လည်း တချို့ စစ်တွေဘက်က နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ထောက်ပြမှုတွေ ရှိနေကြပါတယ်ခင်ဗျား။ ဒီကိစ္စအပေါ်မှာရော ဆရာတို့ NLD ဒေသခံ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်လိုများ သုံးသပ်ပါသလဲခင်ဗျား။

UNP ။ ဒါကဗျာ။ မင်းမဲ့တိုင်းပြည်၊ ဥပဒေမဲ့တိုင်းပြည်မှ မဟုတ်တာ။ ဥပဒေဆိုတာကလည်း ရှိတာပဲ။ လုံခြုံရေးဆိုတာကလည်း ရှိတာပဲ။ တချို့တွေကတော့ ဒီခရီးစဉ်မဖြစ်အောင်၊ ပြည်သူတွေ မကြိုဆိုနိုင်အောင် ကြောက်အောင်လန့်အောင် ပြောတာတွေလည်း ဖြစ်နိုင်ပါတယ်ခင်ဗျား။

RIA ။ ဟုတ်ကဲ့ပါ ဆရာရယ်။ NLD က အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အစိုးရဖွဲ့နိုင်အောင် ပြင်ဆင်မှုတွေ၊ ဖွဲ့နိုင်လောက်တဲ့ အထိ ပြည်သူထောက်ခံမှု အနေအထားတွေ အလားအလာကောင်းတွေကို တွေ့နေရပါတယ် ခင်ဗျား။ ဒါကိုလည်း လက်ရှိအစိုးရဘက်က စိုးရိမ်နေပုံပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ ဆိုရင် မနောမြေကွင်းကို NLD ရဲ့ စည်းရုံးရေးအတွက် အချိန်ကပ်ပြီးတော့မှ အသုံးပြုခွင့် တားမြစ်ခဲ့တာကို တွေ့ရပါတယ်။ ဆိုတော့ သံတွဲမြို့နယ်မှာရော အန်တီစု လာမယ့်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ ဒေသအာဏာပိုင်တွေနဲ့ ကြိုတင်ပြေလည်ညှိနှိုင်းမှုတွေကော ရရှိထားပါပြီလားခင်ဗျား။

UNP ။ အခုတော့ ပြေပြေလည်လည်ပါပဲ။ အခက်အခဲကတော့ သိပ်ပြီး ထူးထူးထွေထွေ မရှိသေးပါဘူး။

RIA ။ ဟုတ်ကဲ့ဆရာရယ်။ အန်တီစုရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး NLD ရဲ့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ ဘယ်လောက်ထိများ ပိုကောင်းသွားနိုင်မလဲဆိုတာ ဆရာရဲ့ သုံးသပ်မှုကို သိပါရစေ။

UNP ။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ဖြစ်ခဲ့ရင်တော့ ပိုပြီးတော့ အလားအလာ ကောင်းတာပေါ့ဗျာ။ ပိုပြီးတော့ ပြည်သူတွေ အနေနဲ့လည်းပဲ မျက်စိပွင့်၊ နားပွင့် ဖြစ်သွားမှာပါ။ အဲတော့ အခြေအနေတွေလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိသွားရတဲ့ အနေအထားလေးမျိုး ဖြစ်လာမှာပေါ့။ ဒါဟာ ဒီခရီးစဉ်သာဖြစ်ခဲ့ဆိုလို့ရှိရင် အင်မတန် ကောင်းတဲ့ အခြေအနေပါ။

RIA ။ ဆရာ ပြောသွားတဲ့အထဲမှာ ခရီးစဉ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့ စကားကို တွေ့ရတယ်ခင်ဗျား။ ဒီခရီးစဉ်က အချိန်မရွေး ပျက်သွားနိုင်တယ်လို့ ဆရာ ယူဆပါသလားခင်ဗျား။

UNP ။ အဲလိုမျိုး မဟုတ်ပါဘူး။ ကျနော်တို့က တကယ် ခရီးစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင်။ အောင်မြင်တဲ့ ခရီးစဉ်ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် ပိုပြီးတော့ ကောင်းမယ်လို့ ပြောတာပါ။

RIA ။ ဟုတ်ကဲ့။ နောက်ဆုံးတစ်ခုအနေနဲ့ အန်တီစုရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်လို့ သံတွဲမြို့နယ် အုပ်ချူပ်ရေးအဖွဲ့ဝင်တွေ၊ ခရီးစဉ်တလျှောက် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေအနေနဲ့ကော လုံခြုံရေးတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆရာတို့အနေနဲ့ ကြိုတင် ဆွေးနွေးမှုတွေကော ရှိပါသလားခင်ဗျား။

UNP ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်နယ်တို့၊ ခရိုင်၊ မြို့နယ်တို့ကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

RIA ။ ဟုတ်ကဲ့။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top