Saturday, November 7, 2015
ရခိုင်လွှတ်တော်နိုင်ငံရေးထဲမှာ လူငယ်ပညာတတ်တွေ ဘာကြောင့်ပါဝင်မှု နည်းရသလဲ
ယခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကာလမှာ လွတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ပါတီကြီးတွေက ရွေးချယ်ရာမှာ အရင်ကလို မဟုတ်ဘဲ လူငယ်တွေကိုပါ ထည့်သွင်းရွေးချယ်လာကြတာကို တွေ့ရပါတယ်။
အဲဒီလို လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အဖြစ် ရွေးချယ်ရာမှာ တိုင်းရင်းသားပါတီတွေက လူငယ်ပညာတတ်တွေကို ရွေးချယ်မှုနည်းပါးပြီး လူကြီးတွေကို ရွေးချယ်တာတွေကိုလည်း တွေ့ရပါတယ်။
တိုင်းရင်းသားပါတီတွေမှာ လူကြီးတွေကို လွတ်တော် ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဘာကြောင့် ရွေးချယ်မူများပြားရသလဲ ဆိုတာကိုတော့ ချင်းတိုင်းရင်းသားလွှတ်တော် အတွက် ရခိုင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်မိုင်စုစုလိုင်က ခုလိုပြောပြပါတယ်။
“ တိုင်းရင်းသားပြည်နယ်တွေမှာပေါ့နော်။ များသောအားဖြင့် တကယ့် ဦးဆောင်ပြီး လုပ်နိုင်မယ့်သူတွေ နေရာယူကြတယ်ဆိုတာကလည်း ဗဟိုကနေတဆင့် မြို့နယ်အဆင့်ဆင့်ကို ခွဲပြီး စီစစ်ပြီးမှ ရွေးချယ်ကြတာ ဖြစ်မှာပါ။ တဘက်မှာ ပြည်ထောင်စုအစိုးရအဆင့် ဖွဲ့နိုင်ဖို့ ရည်မှန်းထားတဲ့ ပါတီကြီးတွေမှာလည်း လူငယ်တွေကို ရွေးချယ်တယ်ဆိုတာ သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်ကနေ အကောင်အထည်ဖော်ဆောင်မယ့်သူတွေကိုသာ ရွေးချယ်ကြတာဖြစ်ပါလိမ့်မယ်”
ရခိုင်ပြည်နယ်မှာ ယှဉ်ပြိုင်ကြမယ့် ပါတီတွေဟာ စုစုပေါင်း ၂၂ ပါတီ ရှိနေပြီး နိုင်ငံရေးပါတီတွေထဲမှာ လူငယ် လွှတ်တော် ကိုယ်စားလှယ် လောင်းတွေပါဝင်မှု နည်းနေတာကို မြင်တွေ့နေရပါတယ်။ အခြားတစ်ဖက်မှာ နိုင်ငံတော်အဆင့် အနေနှင့် အစိုးရအဖွဲ့နိုင်လောက်တဲ့ ပါတီကြီးတွေမှာ ကျတော့ လူငယ်ပညာတတ်တွေကိုသာ အဓိက ကိုယ်စားပြုရွေးချယ်ထားကြပြီး မြန်မာနိုင်ငံရေး အရွေ့ကိုပြောင်းဖို့ကြိုးစားနေကြပါတယ်။
ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုအဖြစ် တည်ရှိနေတဲ့ ရခိုင်အမျိုးသား ပါတီဟာ ဆိုရင်လဲ ပါတီအတွင်း လွှတ်တော်ကိုယ်စား လှယ်လောင်း ရွေးချယ်တဲ့နေရာမှာ လူငယ်တွေပါဝင်မှုနည်းပါး နေတာကို တွေ့ရပါတယ်။ ပါတီက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၇ ဦးမှာ လူငယ် ၁၅ ဦးပဲ ပါဝင်တာကို တွေ့ရှိရပါတယ်။ လက်ရှိ နိုင်ငံရေး အနေထားအရ အစိုးရဖွဲ့နိုင်လောက်တဲ့ ပါတီတွေမှာ လူငယ်တွေ လွတ်တော်ထဲ ရောက်ရှိလာနိုင်ပေမယ့် လွှတ်တော်ထဲကို ရောက်ရှိလာမယ့် လူကြီးတွေနဲ့လည်း နိုင်ငံရေး ထင်မြင်ချက် လုပ်ဆောင်ချက်တွေ ကွာခြားမှုတွေ ရှိနိုင်မလား ဆိုတာ စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးက ခုလို သဘောထားမှတ်ချက်ပြုထားပါတယ်။
“လူကြီးနဲ့ လူငယ် လွှတ်တော်တွင်း ထိတွေ့မှုမှာ ကွာဟမှုကတော့ လုံးဝ မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူငယ်ကလည်း လူငယ်အလျောက် ပညာတတ်တွေ ဖြစ်သလို၊ လူကြီးတွေကလည်းပဲ အသက်အရွယ်အတွေ့အကြုံ ဖြတ်သန်းမှု ရှိပြီးသားမို့ပါ။ နောက်ပြီး ရခိုင်နိုင်ငံရေးယနေ့အခြေအနေမှာ လူငယ်တွေ ပါဝင်မှု နည်းပါးရခြင်းဟာ ရခိုင်လူ့အဖွဲ့အစည်းမှာ လူငယ်တွေ ဘယ်အတိုင်းအတာထိ နိုင်ငံရေးကို စိတ်ဝင်စားမှုရှိလဲဆိုတဲ့အပိုင်းပေါ် မူတည်ပါလိမ့်မယ်။ တချို့က ဝေဖန်ကြတယ်ပေါ့။ နိုင်ငံရေးပါတီတွေအနေနဲ့ လူငယ်ပညာတတ်တွေကို လက်ကမ်းကြိုဆိုရမယ်ပေါ့။ ကြိုဆိုသင့်တယ်ပေါ့။ ဒါပေမယ့် လူငယ်တွေအနေနဲ့ကရော နိုင်ငံရေးကို ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိသလဲဆိုတာကို ကျနော်တို့ ပြန်ကြည့်ရမှာပါ။ ”
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရာမှာ ပညာအရည်ချင်းတွေထက် ဖြတ်သန်းမူ၊ အနစ်နာခံမှုတွေကို ကြည့်ပြီး လွှတ်တော်အမတ်တွေ အဖြစ်သာ ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ ရခိုင်ပြည်နယ်မှာ ယှဉ်ပြိုင်ကြမယ် ပါတီတွေက ဆိုကြပါတယ်။
ရခိုင်ပြည်မှာ ရှိတဲ့ပါတီတွေဟာ လူငယ်ပညာတတ်တွေကို နေရာ၊ ခေါင်းဆောင်မှု မပေးလိုတာကြောင့် လူငယ်ပညာတတ်တွေ အနေနှင့် ရခိုင်နိုင်ငံရေးထဲမှာ ပါဝင်မှု အားနည်းလာတာဖြစ်နိုင်တယ်လို့ လူငယ်လွတ်တော်ကိုယ်စားလှယ် အမတ်တွေကို ရွေးချယ်ထားတဲ့ ရခိုင်မျိုးချစ်ပါတီက ပြည့်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြသန်းရွေက ဆိုပါတယ်။
“ တချို့သော နိုင်ငံရေးပါတီတွေမှာ မျိုးဆက်သစ် လူငယ်တွေကို နေရာမပေးဘဲ လူကြီးတွေက နေရာကို အမြဲယူထားတယ်။ နေရာ ဖယ်မပေးလိုကြဘူး။ တချို့လူငယ်တွေ ပါတီကို ထဲထဲဝင် လှုပ်ရှားဖို့ တောင်းဆိုမှုတွေ ရှိပေမယ့် – မင်းတို့လူငယ်တွေ ပညာဘယ်လောက်ပဲ တတ်တတ်၊ လူတော်လူတတ်တွေကို လူနပ်တွေကပဲ အုပ်ချူပ်မှာ ဆိုပြီးတော့ ရခိုင်နိုင်ငံရေးပါတီတချို့က တုံ့ပြန်မှု ရှိနေတယ်လို့ သိရပါတယ်။ ဒါမျိုးတွေ ကြားရတယ်။ အထူးသဖြင့် မျိုးဆက်သစ်တွေကို နေရာဖယ်မပေးလိုတဲ့ သဘောပါ။ ကျမတို့ ပါတီအနေနဲ့ကတော့ ကျမတို့ ရွေးချယ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာခဲ့ရင်လည်း လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းမှာ ထိုင်မနေပါဘူး။ ပြီးတော့ ဒီထိုင်ခုံမှာပဲ အမြဲမနေပါ။ မျိုးဆက်သစ်လူငယ်ပညာတတ်တွေ၊ တတ်သိနားလည်ကျွမ်းကျင်တဲ့ လူငယ်တွေကို နေရာပေးသွားမှာပါ။ ”
လူငယ်တွေကို ပါတီကြီးတွေအနေနှင့် နေရာပေးမှု မရှိတာကြောင့် ပါတီနိုင်ငံရေးထဲက မဟုတ်ဘဲ တစ်သီးပုဂ္ဂုလ အမတ်တွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လာကြတဲ့ လူငယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမတ်တွေကိုလည်း မြင်တွေ့နေရပါတယ်။
ပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ပြီး အခြေနေတစ်ချို့ကြောင့် တစ်သီးပုဂ္ဂုလ လွှတ်တော်အမတ်အဖြစ် ယှဉ်ပြိုင်ရန် အခြေနေကို ရောက်ရှိလာတဲ့ မြောက်ဦး မဲဆန္ဒနယ် အမှတ် (၄) က အမျိုးသားလွှတ်တော်နေရာကို ယှဉ်ပြိုင်မယ့် ဦးဦးကျော်သိန်းက နိုင်ငံရေးစနစ်လှည်ပတ်မှုထဲမှာ လူငယ်ပညာတတ်တွေရဲ့ အရေးပါမူကို သူကခုလို ဆိုပါတယ်။
“ အစိုးရအဖွဲ့တစ်ခု စနစ်တကျ လည်ပတ်နိုင်ဖို့အတွက် တိုင်းပြည်ကိုအုပ်ချူပ်သော အတတ်ပညာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ လိုအပ်ပါတယ်။ ဒါကို လူတိုင်းသိပါတယ်။ ဆိုတော့ ယခု ကျနော်တို့ တိုင်းရင်းသားပါတီနိုင်ငံရေးရဲ့ အဓိက အားနည်းချက်က ဖြတ်သန်းမှုနဲ့ အတွေ့အကြုံချည်းသက်သက် အခြေခံထားတဲ့ လူကြီးတွေကိုချည်း နေရာပေးထားမယ်လို့ ဆိုရင် အစိုးရဖွဲ့တဲ့အခါ အစိုးရ လုပ်ငန်းထဲမှာ ချွတ်ယွင်းမှုတွေ ရှိလာနိုင်ပါတယ်။ ဥပမာ ၀န်ကြီးဖြစ်သွားခဲ့သည်ဖြစ်စေ၊ တခြား တာဝန်ရှိ အစိုးရအဖွဲ့ဝင်တစ်ဦးဦး ဖြစ်သွားခဲ့သည် ဆိုဦး စနစ်တကျနဲ့ အစိုးရယန္တရားကို လည်ပတ်ဖို့၊ ညွှန်ကြားဖို့အတွက် အုပ်ချူပ်မှု အတတ်ပညာရဲ့ အရေးပါမှုက အဲဒီမှာ လိုအပ်လာတာပါ။ ပြည်ထောင်စုအဆင့် ရွေးကောက်တင်မြောက်လာကြမယ့် လူငယ်ပညာတတ်တွေရဲ့ တွေးခေါ်ပုံ၊ ဖြေရှင်းပုံ၊ နိုင်ငံရေးသီအိုရေတွေကို ဘာမှ လိုက်မမီဘဲ ကိုယ်မြင်ရာကိုယ်ကြားရာ လိုက်ပြီး မျှောပါတုံ့ပြန်နေကြမယ်ဆိုရင် ကျနော်တို့အတွက် အခွင့်အရေးတွေ အများအပြား ဆုံးရှုံးသွားစေနိုင်ပါတယ်။ ပြီးတော့ အခု ရခိုင်နိုင်ငံရေးလောကမှာ ပညာတတ်လူငယ်တွေကို တကယ်တမ်း ရခိုင်ကို ကိုယ်စားပြုတဲ့ ပါတီတွေက စနစ်တကျနဲ့ တာဝန်ပေးမှုတွေ၊ ကမ်းလှမ်းမှုတွေ အစကတည်းက ပြုခဲ့သင့်တယ်။ လုပ်ခဲ့သင့်ပါလျှက်နဲ့ သူတို့က ၂၀၁၀ အခင်းအကျင်းမှာ ၀င်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို နောက်တစ်ကြိမ် ထပ်အရွေးခံစေဖို့ ဖန်တီးမယ်ဆိုတဲ့ အကြံအစည်တွေကြောင့် ခုလို လူငယ်ပညာတတ်တွေကို လက်လွှတ်ဆုံးရှုံးခံလိုက်ရတယ်။ လူငယ်ပညာတတ်တွေ တသီးပုဂ္ဂလအနေနဲ့ ပါဝင်ယှဉ်ပြိုင်ရခြင်း ပါတီကိုယ်စားပြုမဟုတ်တဲ့အတွက်ကြောင့် ခက်ခဲမှု တစုံတရာထိ ရှိနေပေမယ့်လည်း ကျော်လွှားဖြတ်သန်းဖို့ ပြင်ဆင်နေတာဟာ စိန်ခေါ်မှုကို ရင်ဆိုင်ရဲခြင်း ဆိုတာ ပြသလိုက်ခြင်းပါပဲ ”
လူငယ်တွေပါဝင်မှု နည်းပါးတဲ့ ရခိုင်လွှတ်တော်နိုင်ငံရေးဟာ ပြည်မနိုင်ငံရေး ရေစီးကြောင်းနဲ့အတူ ၂၀၁၅ မြန်မာနိုင်ငံရေးထဲမှာ ဖြတ်သန်းမှုအခြေပြု ခေါင်းဆောင်တွေနှင့် ပညာ အရည်ချင်း အခြေပြု လူငယ်နိုင်ငံရေးသမားတွေ လုပ်ဆောင်ချက်တွေ ကွာခြားမူ တွေရှိလာနိုင်မလား ဆိုတော့ စောင့်မျှော်ကြည့်ရှုကြရအုံးမှာပါ။
ဝေမိုး
0 comments:
Post a Comment