Saturday, November 7, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြောင်းရွေ့လာသူများထဲတွင် ပညာတတ်များတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုများ ရှိနေ

၂၀၁၂ အဓိကရုဏ်းအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်ဘက်သို့ ပြောင်းရွေ့လာကြသည့် ရခိုင်မျိုးနွယ်စုများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သင်ယူတတ်မြောက် ထားသည့် ကောလိပ်ကျောင်းဆင်း အသိမှတ်ပြုလက်မှတ် ကိုင်ဆောင်သူများ ပါဝင်သော်လည်း ၎င်းတို့အတွက် ဒေသတွင်း လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများ ရှားပါးနေသည်ဟု သိရသည်။
ပညာတတ်အများစုမှာ အင်္ဂလိပ်ဘာသာ၊ ဘင်္ဂလားဒေ့ရှ်ဘာသာအား ကောင်းစွာရေးဆို ပြောကြားနိုင်သော်လည်း မြန်မာစာ၊ မြန်မာစကား ကျွမ်းကျင်စွာ ရေးဆိုပြောကြားနိုင်မှုမရှိကြဟု မောင်တောမြို့နယ် ခရေမြိုင်ရွာတွင်နေထိုင်သူ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဂရီ အသိမှတ်ပြုလက်မှတ်ရထားသော ပြောင်းရွေ့နေထိုင်သူ ကိုထွန်းသိန်းနုက The Root သို့ ပြောဆိုသည်။

“ကျနော် ဘင်္ဂလားမှာ ကောလိပ်ပြီးပြီး ဘွဲ့ရလာပေမယ့် ဒီမှာ အလုပ်တွေလျှောက်တော့ အဆင်မပြေဘူး၊ အင်္ဂလိပ် စကားပြန် လုပ်မယ် ဆိုတော့လည်း မြန်မာစကားကို သိပ်ပြီးမပြောတတ်တော့ အဆင်မပြေဘူး၊ ကျနော်လိုပဲ တခြားပညာတတ်တွေ ရှိတယ် “

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောင်းရွေ့လာသည့် ရခိုင်မျိုးနွယ်စုများအား လက်ရှိအချိန်တွင် တခြားအလှုရှင်များနှင့် အစိုးရ၏ နတလ (နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး) အစီစဉ်များ အောက်တွင် ထောက်ပံ့ရိက္ခာများ ရရှိနေကြပြီး စားရေးနေရေး အဆင်မပြေမှုများကြောင်းလည်း ပြန်လည် ပြောင်းရွေ့နေကြသူများကိုလည်း တွေ့ရှိရသည်ဟု ခရေမြိုင် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသိန်းဝင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြောင်းရွေ့လာကြသည့် ရခိုင်မျိုးနွယ်စုများမှာ ယာယီ နေထိုင်ခွင့် (Immigation permit) ဖြင့် နေထိုင်ကြပြီး ယင်းကတ်မှာ မြန်မာပြည်တွင် သုံးနှစ်အထိ ယာယီ နေထိုင်ခွင့်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top