ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနီး၌ အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ပြီးနောက် ဓညဝတီ သင်္ဘောအုပ်စု၊ အောင်တံခွန် သင်္ဘောအုပ်စု အပါအဝင် တခြား သင်္ဘောများကို သင်္ဘောများ၏ ချို့ယွင်းမှုများအရ ပြန်လည်ပြုပြင်ရန် ရပ်နားထားခဲ့ကြပြီး ယခုအခါ ၎င်းတို့အနက် အောင်တံခွန် သင်္ဘောအုပ်စုကို ပြန်လည် ပြေးဆွဲရန် ပြင်ဆင်နေပြီဟု သိရှိရသည်။
ပြန်လည်ပြေးဆွဲမည့် သင်္ဘောများမှာ ကျန်ရှိသည့် အောင်တံခွန် သင်္ဘော ခြောက်စီးအနက် သုံးစီ ပြေးဆွဲမည် ဖြစ်ပြီး ဓညဝတီ သင်္ဘောအုပ်စုအနက် တစ်စီးမှာလည်း ပြန်လည် ပြေးဆွဲနေကြောင်း ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဘူးသီတောင်-မောင်တော သင်္ဘောလိုင်းကို ငှားရမ်းထားသည့် ရက္ခိတ အားမာန် ကုန်စည်ပို့ဆောင်ရေး ကုန်ချ တာဝန်ခံ ကိုသာနို့ချေက RIA သို့ ပြောသည်။
“ ခုတော့ ဓညဝတီတစ်စီးနဲ့ အောင်တံခွန် တစ်စီး ရံဖန်ရံခါ ပြေးဆွဲနေတာတော့ ရှိပါတယ်။ သင်္ဘောတွေတော့ ပြန်လည်ပြင်ဆင်ပြီးပါပြီ။ စစ်ဆေးတဲ့ အဖွဲ့တွေရောက်ပြီး အတည်ပြုလက်ခံပြီ ဆိုရင် စတင် ဆွဲလို့ရပါတယ်၊ သင်္ဘောတွေ ပြန်ပြီး ဆွဲပြီးဆိုတော့ ကုန်စည်စီးဆင်းမှုတွေလည်း ပြန်ပြီး အဆင်ပြေကြမှာပါ။ တစ်ပတ်ကို သုံးရက် ပြေးဆွဲသွားပါမယ်”
ရခိုင်ပြည်နယ်တွင် ပြည်တွင်းရေကြောင်းပိုင် သင်္ဘောပြေးဆွဲမှုများအား ရပ်နားခဲ့စဉ် ကာလက ရေကြောင်းခရီးကို အားထားရသည့် ပြည်သူများမှာ ရှပ်ပြေးယဉ်များနှင့် မော်တော်ဘုတ် စက်လှေများကိုသာ အားထားခဲ့ရပြီး ကုန်စည်စီးဆင်းမှုများမှာလည်း နှေးကွေးခဲ့သည်ဟု ဘူးသီးတောင်-စစ်တွေကုန်စည်များကို ပို့ဆောင်နေသည် ကုန်ပို့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ စစ်တွေဒေသခံ ကိုကျော်စိုးက ဆိုသည်။
ဘူးသီးတောင်သည် စစ်တွေမှ ရေကြောင်းခရီးအားဖြင့် ၈၂ မိုင်ဝေးပြီး ရေကြောင်းခရီးတစ်ခုတည်းကို အားထားရသည့် မြို့နယ် တစ်ခုဖြစ်သည်။

0 comments:
Post a Comment