Friday, October 23, 2015

ထူးချွန်ထက်မြက်သည့် ကျောင်းသူကျောင်းသားများအတွက် အခမဲ့ညာသင်ကျောင်း ရရှိစေရန် ဆောင်ရွက်ပေးမည်ဟု ဦးဦးလှစောပြော

မြောက်ဦး၊ စက်တင်ဘာ ၂၃

မကြာမီလပိုင်းအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လွှတ်တော်ကိုယ်စားလှယ် သက်တမ်းကာလတစ်လျှောက် ရခိုင်ပြည်နယ်အတွင်းမှ
ထူးချွန်ထက်မြက်သည့် ကျောင်းသူကျောင်းသားများအတွက် အခမဲ့ပညာသင်ကျောင်းတွင် ပညာကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း
စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် မြောက်ဦးမြို့နယ် ခမောင်းတက်ကျေးရွာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ရခိုင်အမျိုးသားပါတီ
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားခဲ့သည်။
အဆိုပါမဲဆွယ်စည်းရုံးပွဲတွင် ပညာရေးနှင့်ပါတ်သက်သည့် ထောက်ပံ့ကူညီမှုများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် လူနေမှုစနစ်နိမ့်ကျနေသည့် ရခိုင်ပြည်နယ် အတွက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သဘာဝသစ်တောများ ပြုန်းတီးသွားသည့်နေရာတွင်
ပြန်လည်ထူထောင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရခိုင်ပြည်က ကျောင်းသားတွေ၊ ကလေးတွေ။ ဘာကြောင့်ပညာရေး ညံ့နေရတာလဲ။ အဓိကပြဿနာဟာ ကျောင်းမကောင်းဘူး။ကလေးတွေ ပညာသင်ချင်အောင် ကျောင်းတွေ ကောင်းကောင်းမွန်မွန်မရှိဘူး။ အပြိုအပျက်တွေမှာ ဆရာမရာမ မလုံလောက်တဲ့ ကျောင်းမှာ ပညာသင်နေလို့ တတ်သင့်သလောက်မတတ်ဘူး။ ကျွန်တော်ထင်တယ်။
ရွာက ပထမတန်းကျောင်းသားတစ်ယောက်နဲ့ စစ်တွေမြို့ပေါ်က ပထမတန်းကျောင်းသားတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ အတူတူလောက်ပဲရှိမှာပါ။ ပဉ္စမတန်းလောက်ကိုရောက်လာရင် အဲဒီရွာကကလေးဟာ စစ်တွေမြို့မှာပညာသင်နေတဲ့ ကျောင်းသားကို လုံးဝမမှီတော့ဘူး။ ဒါတွေဟာ ကျောင်းနဲ့ဆိုင်သလို ဆရာဆရာမတွေနဲ့လည်းဆိုင်တယ်။ ဒီစနစ်တွေကို ကျွန်တော်တို့ပြင်ယူရမယ်။”ဟု ဦးဦးလှစောကပြောသည်။

ရခိုင်ပြည်နယ်သည် တခြားတိုင်းနှင့်ပြည်နယ်များထက် ပညာရေးနိမ့်ကျနေသည့် ပြည်နယ်တစ်ခုဖြစ်ကာ ပညာသင်ကြားမှုနှုန်းမှာလည်း အလွန်နည်းပါးကြောင်းနှင့် အဆင့်မြင့်ပညာသင်ကျောင်းများ မရှိသည့်အပြင် အစိုးရကျောင်းများတွင် ပညာသင်ကြားမှုပိုင်းဆိုင်ရာမှာလည်း တစ်နှစ်ထက်တစ်နှစ် လျော့ရေးလာနေသည့်အတွက် ဆင်းရဲနွမ်းပါးသော၊ ပညာမသင်ကြားနိုင်သည့် ကျောင်းသူကျောင်းသားများမှာ ပညာအရည်အသွေးပြည့်မီမှု ပိုမိုနည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော် လွှတ်တော်ကို ရောက်လို့ရှိရင် နောက် ထူးချွန်ထက်မြက်တဲ့ ကလေးတွေ
ပညာသင်ကြားနိုင်တဲ့ အခမဲ့ပညာသင်ကျောင်းဖြစ်အောင် လုပ်မယ်။ ထူးချွန်ထက်မြက်တယ်ဆိုတာက အတန်းတိုင်းမှာ ပထမ ဒုတိယရလာတာကိုပြောတာ မဟုတ်ဘူး။ လူတိုင်းမှာ ဝါသနာပါတဲ့ ဘာသာရပ်တစ်ခုဆိုတာ ရှိပါတယ်။ အဲဒီလိုကိုယ်နှစ်သက်တဲ့ပညာရပ်ကို သင်ကြားနိုင်ဖို့အတွက်ကို ရည်ရွယ်ပါတယ်။ ကျွမ်းကျင်တဲ့အဆင့်ကိုရောက်အောင်၊ ကျွမ်းကျင်တဲ့အဆင့်ကနေ
ဘဝရပ်တည်လို့ရအောင် သင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်အောင်ကြိုးစားသွားမှာပါ။”ဟု ၎င်းကပြောသည်။

ဦးဦးလှစောသည် ယခင်က ပြင်ပကျောင်းဆရာတစ်ဦး အဖြစ်ရပ်တည်လာသူတစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်အတွင်း ပညာရေးကို တိုးတက်မြင့်မားလာရန် လုပ်ဆောင်မည်ဟု
မျှော်လင့်ထားသူ တစ်ဦးဖြစ်ပြီး ၎င်းမှာ ရခိုင်အမျိုးသားပါတီ တည်ထောင်သူ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်ကြောင်း သိရသည်

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top