ခိုင်လင်းစံ/RiA
စစ်တွေ၊ အောက်တိုဘာ ၁၃ ရက်။ ရခိုင်ပြည်နယ်အတွင်း မျက်မမြင်ဖြစ်ပွားမှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးထက် ၇ ဆခန့်နှင့် နိုင်ငံတစ်ဝှမ်းလုံးထက် မြင့်မားနေခြင်းမှာ ကုသမှုအခြေအနေ အခွင့်လမ်းနည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်နယ် မျက်စိအထူးကု ဆရာဝန်ကြီးဒေါက်တာ မိုးကျော်က ပြောသည်။
“ ဘာကြောင့် ဒီလောက် ဖြစ်ပွားနေရလဲဆိုတော့ ကျွန်တော်တို့မှာ အတွင်းတိမ်ဖြစ်ပွားမှုနှုန်းကို ခွဲစိပ်မှုက မလိုက်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့အတွင်းတိမ် ဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ကို လူဦးရေ နှစ်သောင်း ဖြစ်တယ်ဆိုရင် ခွဲစိပ်နိုင်တာက ငါးထောင်လောက်ပဲ ရှိနေတော့ တစ်သောင်းခွဲဟာ အလိုလို ကုသမှုမရှိဘဲ ကျန်နေခဲ့ရပါတယ်။ ဒါတွေကို ပိုပြီးကုသပေးနိုင်ဖို့အတွက်တော့ ဆေးရုံဆေးခန်းတွေမှာ ကုသခွဲစိပ်ပေးတာထက် မျက်စိရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို သွားရောက်ပြီးတော့ ကုသပေးဖို့လိုအပ်ပါတယ်။”
ယင်းပြောကြားမှုကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့မျက်မမြင်များ ပပျောက်ရေးနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မျက်မမြင်ဖြစ်ပွားမှုနှုန်းသည် တစ်နိုင်ငံလုံး ပျမ်းမျှအားဖြင့် လူတစ်သိန်းတွင် ၆၀၀ ခန့် ရှိပြီး ရန်ကုန်တိုင်းတွင် တစ်သိန်းလျှင် ၂၀၀ ၀န်းကျင်ရှိကာ ရခိုင်ပြည်နယ်တွင် တစ်သိန်းလျှင် ၁၅၀၀ နှုန်းထိ ဖြစ်ပွားနေကြောင်း စစ်တမ်းအရ သိရသည်။
ပြည်နယ်အတွင်း မျက်မမြင် ဖြစ်ပွားမှုနှုန်း မြင့်တက်မှုသည့် မျက်စိရောဂါဝေဒများအား အချိန်မီ ကုသမှု မပြုခြင်း၊ ကျန်းမာရေးဌာန၏ မျက်စိဝေဒနရှင်များအပေါ် ကုသပေးမှုအခြေအနေများမှာ လိုအပ်ချက်များ ရှိနေဆဲဖြစ်ခြင်းတို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးကျော်က ပြောသည်။
“ ကမ္ဘာမှာဖြစ်ပွားနေတဲ့ မျက်စိဝေဒနာနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ မျက်စိဝေဒနာဟာ ကွာပါတယ်။ မတူပါဘူး။ ကမ္ဘာမှာ ဖြစ်ပွားမှု အများဆုံးကတော့ အတွင်းတိမ်၊ ရေတိမ်နဲ့ ထိခိုက် ဒါဏ်ရာဖြစ်ပွားမှုပဲ ရှိပါတယ်။ မြန်မာမှာတော့ အတွင်းတိမ်၊ ရေတိမ်၊ ထိခိုက်ဒါဏ်ရာ ဖြစ်ပွားမှုအပြင် မျက်မှန်တပ်ဖို့ လိုအပ်တဲ့ ရောဂါဖြစ်ပွားမှုလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အတွင်းတိမ်ရောဂါ၊ မျက်ကြည်နာရောဂါနဲ့ ရေတိမ်ရောဂါတွေဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ဖြစ်ပွားနေတာတွေကတော့ သက်ကြီး ရွယ်အိုတွေနဲ့ နေရောင်ခြည်ထိတွေ့မှုများတဲ့ သူတွေမှာဖြစ်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အတွင်းတိမ်ဖြစ်ပွားမှုနှုန်းထားပိုများတာဖြစ်ပါတယ်။”
မျက်စိရောဂါဝေဒနာရှင်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်စံနှုန်းအရ လူဦးရေ တစ်သန်းလျှင် သုံးထောင်နှုန်းကို ခွဲစိတ်ရန် သတ်မှတ်ချက်ရှိသော်လည်း ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကျန်းမာရေး စာရင်းမှတ်တမ်းများအရ ၂၀၁၈ ဦးကိုသာ ခွဲစိတ်ကုသနိုင်ခဲ့ကာ ရခိုင်ပြည်နယ်တွင် ၁၀၀၀ ကျော်မျှသာ ခွဲစိတ်နိုင်ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment