Thursday, October 13, 2016

မောင်တောအရေးဟာ ရခိုင်မူဝါဒ ကျဆုံးခန်းလား

အောင်ရဲလင်း (စစ်တွေ) ၊ အောက်တိုဘာ ၁၃ ရက်။

ဒီမိုကရေစီ အစိုးရ နှစ်ဆက်တိုင် နိုင်ငံတော်အဆင့် သီးခြား ချမှတ်လာတဲ့ ရခိုင်မူဝါဒဟာ အလုပ်ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း အောက်တိုဘာ ၉ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုက သက်သေပြခဲ့ပါပြီ။

၂၀၁၂ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် ဆူပူမှုပြဿနာဟာ ကမ္ဘာ့အရေးလိုသဖွယ် နိုင်ငံတကာရဲ့ အထူးအစည်းဝေး ဆွေးနွေးချက်တိုင်းမှာ ရေပန်းစားနေခဲ့တာပါ။


ဒီလိုပြည်နယ်တစ်ခုရဲ့ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ရဲ့ အဓိပတိများကိုယ်တိုင် တာဝန်ယူနေတာ ဖြစ်ပေမယ့် မြေပြင်လုံခြုံရေးဟာ ကျိုးပေါက်နေခဲ့ပါတယ်။

ကမ္ဘာ့က စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်နေတာ၊ အာရှရဲ့ နိုင်ငံတကာ မူးယစ်ဈေးကွက်အတွက် ပင်မကုန်သွယ်ရေး လမ်းကြောင်းတွေထဲက တစ်ခု ဖြစ်နေတာ၊ လက်နက်တွေ လုယက် ခံနေရတာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ အစုအပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခံနေရတာ၊ လူမှောင်ခို ပို့ဆောင်ရေးတွေ ရှိနေတာတွေဟာ ပထဝီအုပ်ချူပ်ရေးနဲ့ ရခိုင်မူဝါဒကို ချမှတ်သူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့်လား ဒါမှမဟုတ် ရခိုင်မူဝါဒက ဘာလဲဆိုတာ ရှင်းလင်းဖို့ လိုအပ်လာပါပြီ။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးဟာ ရခိုင်မူဝါဒရဲ့ အဓိက ဦးစားပေးဖြစ်ကြောင်း ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ သတင်းထုတ်ပြန်ခဲ့သလို ဒီမူဝါဒကိုပဲ သမ္မတ ဦးထင်ကျော် တို့က ဆက်လက် ဆောင်ရွက်နေတာပါ။

မူဝါကို ဖော်ဆောင်သူတွေက အမိန့်တွေ၊ ညွှန်ကြားချက်တွေ ပြုလုပ်နေပေမယ့် ပြည်နယ်ရဲ့ အဓိပတိတွေ ကိုင်တွယ်မှု ညံ့ဖျင်းမှုကြောင့် လုံခြုံရေးတွေ ကျိုးပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ မောင်တောမြို့နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အစုအပြုံ သေဆုံးခဲ့ရသလို၊ ရခိုင်ပြည်တွင်းစစ်တွေမှာလည်း သေဆုံးခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာက စောင့်ကြည့်နေတဲ့ ပြည်နယ်တစ်ခုအတွက် အစိုးရ နယ်မြေလုံခြုံစိုးမိုးရေး မဖော်ဆောင်နိုင်ကြောင်း ထင်ရှားစေပါတယ်။

ဒါ့အပြင် ပြည်နယ်ရဲ့ အချူပ်အခြာအာဏာကို ထိန်းချူပ်နေတဲ့ မြို့တော် စစ်တွေမှာတောင် ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေ ရှိခဲ့တာဟာ နိုင်ငံတော်အဆင့် ချမှတ်ထားတဲ့ အစဉ်တစိုက် ရခိုင် မူဝါဒဟာ ပြည်နယ်အုပ်ချူပ်ရေး စနစ်အတွင်း ပျက်စီးနေတယ်ဆိုတာနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေးစနစ်ဟာ အားနည်းချက်များရှိနေကြောင်း နိုင်ငံတော် အဓိပတိတွေ ဆင်ခြင် သုံးသပ်ရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဦးစားပေး ဖြေရှင်းရန် လိုအပ်နေတဲ့ ပြဿနာဟာ လူ့အသိုက်အ၀န်းနှစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးပါ။

ဒါပေမယ့် အောက်တိုဘာ ၉ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လုပ်ငန်းအပေါ် ရခိုင်တိုင်းရင်းသားများရဲ့ သည်းခံနိုင်မှု ကုန်ဆုံးနေမှုတွေကို ပိုမို တွန်းအား တရပ်ဖြစ်စေခဲ့ပါတယ်။

လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်အရေအတွက် ပမာဏကြီးကြီးမားမား သတ်ဖြတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အစိုးရက လူသိရှင်ကြား ကန့်ကွက်ရှုတ်ချမှုတွေ မလုပ်နိုင်တာ၊ ဘယ်သူတွေက ကျူးလွန်ခဲ့တယ်လို့ အခိုင်အမာ ရှင်းလင်း ပြောကြားနိုင်မှု မရှိသေးခြင်းတို့ဟာ အစိုးရရဲ့ ရခိုင်မူဝါဒ ဖော်ဆောင်ရာမှာ အဓိက ချဉ်းကပ်မှု နည်းဗျူဟာ ဖြစ်တဲ့ လူသားချင်း စာနာထောက်ထားခြင်း ဖြစ်စဉ်မှာ ရခိုင်တိုင်းရင်းသားတွေဘက်က ယုံကြည်မှု ဆုံးရှုံးစေမယ့် အခွင့် အလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ မောင်တောမြို့နယ်မှာ ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ များပြားလှစွာသော လူသားတွေဟာ မျှော်လင့်ချက် ကင်းမဲ့ပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြရပါတယ်။ သူတို့တွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က တရားမျှတမှုပါ။

တကမ္ဘာလုံးက လူတွေဟာ ရခိုင်တွေကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာကြောင့် ရခိုင်တွေ လုပ်သမျှဟာ တလောကလုံးမှာ ပဲ့ထင်ထပ်နေခဲ့ပေမယ့်  မောင်တောဒေသ အကြမ်းဖက်ခံနေရခြင်းမှာ အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ ရခိုင်တိုင်းရင်းသားများအပေါ် စာနာပါကြောင်း ဆိုတဲ့ စကားတစ်ခွန်း ထွက်မလာခဲ့ဘဲ အားလုံးက ပါးစပ်ပိတ်ထားပြီး မသိချင်ယောင် ဆောင်နေခဲ့ကြပါတယ်။

သတင်းမီဒီယာတွေက ကွင်းကွင်းကွက်ကွက်ချပြနေပြီး၊ မြေပြင်အခြေအနေတွေကို အမှန်တကယ် သဘော ပေါက်ချိန်တန်ပြီ ဖြစ်ပေမယ့်လည်း ရခိုင်ပြည်နယ် မူဝါဒ ချမှတ်သူတွေက လက်ခံ အသိအမှတ်ပြုဖို့ အင်မတန် နှေးကွေးနေတာပါ။

အခြားတဘက်မှာ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသား မဟုတ်သူတွေအတွက် အပြစ်မဲ့ကြောင်း သက်သေ ပြနိုင်ဖို့ရာမှာလည်း အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

စစ်ဆင်ရေး ဆင်နွဲနေတဲ့ ဒေသတွေကို သတင်းထောက်တွေ ပေးမ၀င်တဲ့ အခြေအနေတွေ၊ လုံခြုံမှု လုံးဝ မရှိဘူးဖြစ်နေတဲ့ အဲဒီနေရာက သတင်း ပေးပို့ချက်တွေဟာ ယုံကြည်ရလောက်တဲ့ ရင်းမြစ်တွေလို့ အတည်ပြုနိုင်ရန် ခက်ခဲနေပါတယ်။

ဒီလိုအချိန်မှာ အပြစ်မဲ့သူနဲ့ အပြစ်ရှိသူကို ခွဲခြားဖို့ ခက်ခဲလာပါတယ်။ မောင်တောနဲ့ ရခိုင်ပြည်နယ် အတွင်းက လူသိန်း ပေါင်းများစွာရဲ့ အကြောက်တရား၊ သေခြင်းတရားကနေ ကယ်ထုတ်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်တွေက ရခိုင်မူဝါဒရဲ့ ခိုင်မာမှုနှင့် ဖော်ဆောင်သူတွေရဲ့ စီမံခန့်ခွဲနိုင်မှုပါ။

ဒီလိုမှ မဟုတ်ခဲ့ရင် ကိုယ်ဖန်တီးတဲ့ နွံအိုင်ထဲမှာ ကိုယ်ပြန်နစ်နေပြီ ဆိုတာ သဘောပေါက်လာမှ လွတ်ရာ လွတ်ကြောင်း ဒရောသောပါး အားထုတ်ပြီး ရုန်းကန်မယ့် အာမခံချက် မရှိတဲ့ မူဝါဒကို ဘယ်လို အဆုံးသတ်မလဲ၊ ဒါမှမဟုတ် နောက်ထပ် မတည်ငြိမ်မှုတွေကို ရှောင်လွှဲဖို့ ရခိုင်မူဝါဒက ဘာလဲဆိုတာ ဝိုင်းဝန်းအဖြေရှာဖို့ လိုအပ်နေပါပြီ။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top