မင်းမျိုးနွယ်/RiA
စစ်တွေ၊ အောက်တိုဘာ ၃ ရက်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင် ပတ်သက်နေသည့် စစ်တွေမြို့၊ ဆတ်ရိုးကျ တဖက်ကမ်းရှိ လယ်မြေများ သိမ်းဆည်းမှုနှင့် ပုဂ္ဂလပိုင်ပြုမှုတို့သည် မိမိနှင့် သက်ဆိုင်မှု လုံးဝ မရှိကြောင်းနှင့် သူ့နောက် တာဝန်ယူခဲ့သည့် ဦးမြအောင်တွင်သာ တာဝန် ရှိကြောင်း ပြည်နယ်ဝန်ကြီးချူပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောသည်။
“ကျွန်တော်က ပါဝင် ပတ်သက်မှု မရှိခဲ့တော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး
ဘာဖြေရှင်းချက်မှ မပေးချင်ပါဘူး။ ကျွန်တော် လုပ်တာလည်း မဟုတ်ဘူး။ ဆိုင်လည်း
မဆိုင်ပါဘူး။ ကျွန်တော်နဲ့ ဒီမြေသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်မှု မရှိကြောင်းကို
ပြည်သူတွေကို သိရှိစေချင်ပါတယ်။ နောက်ပိုင်းမှာ တာဝန် ယူရတဲ့ အစိုးရအဖွဲ့က
လုပ်ခဲ့တာဖြစ်ပါတယ်။”
ဦးသိန်းစိန် အစိုးရ လက်ထက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ဦးလှမောင်တင်က တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မောင်မောင်အုန်းမှာ ၂၀၁၄ ခုနှစ် အစောပိုင်း ကာလမှသာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကာ ယခု လက်ရှိ ဖြစ်ပွားနေ သည့် မြေယာပြဿနာမှာ တတိယမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော ဦးမြအောင်၏လက်ထက် တွင် ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ် မောင်မောင်အုန်းက ပြောသည်။
“ကျွန်တော်က ရွေးကောက်ပွဲဝင်ဖို့ အတွက် ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ထွက်ပြီးတော့ အငြိမ်းစားယူခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ၂၀၁၆ ခုနှစ် မတ်လ ကျမှ မြေကွက်တွေ ချပေးတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်နဲ့က ၈ လ လောက် ကွာသွားတော့ ကျွန်တော်လည်း ဒီကိစ္စတွေကို ဘာမှမသိပါဘူး။ ဌာနဆိုင်ရာတွေရော မြို့မိမြို့ဖတွေရော တာဝန်ရှိတဲ့သူတွေ အတွက်ရော ကျွန်တော်နောက်က အစိုးရက မြေကွက်တွေ ချပေးထားတယ်ဆိုတာကို သိရတာပါ။ အခုလည်း ဒါနဲ့ ပါတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်။ သူ့ဟာသူ အဖြေပေါ်လာမှာပါ။”
အဆိုပါ မြေကိစ္စတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်နေမှုကို စစ်ဆေးနိုင်ရန် ပြည်နယ် လွှတ်တော် မြေယာ စိစစ်ရေး ကော်မတီမှ အချက်အလက်များကို စုဆောင်းလျက် ရှိသည်။
စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် အတွင်းမှ တောင်သူ ၁၆ ဦး ပိုင်ဆိုင်သည့် လယ်မြေ ၁၄၂ ဒဿမ ၁၉၇ ဧက၊ ဓနိတော ၃ ဧကနှင့် ကျေးတော ရွာမမှ တောင်သူ ၇ ဦးတို့ ပိုင်ဆိုင်သည့် ၂၄ ဒဿမ ၇၁ ဧကတို့အား စက်မှု ရပ်ကွက် တည်ဆောက်မှုကို အကြောင်းပြကာ သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သိမ်းဆည်းမြေပေါ်တွင် စစ်တွေမြို့ဖွံ့ဖြိုးရေး စီမံကိန်းများချမှတ်ကာ ဌာနဆိုင်ရာ ရုံးများ တည်ဆောက်ခြင်း၊ လူနေရပ်ကွက်များ တိုးချဲ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းတို့ ပေါ်ပေါက်လာခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင် ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ် လာသဖြင့် လွှတ်တော် မြေယာစိစစ်ရေး ကော်မတီမှ စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

0 comments:
Post a Comment