Tuesday, October 4, 2016
သိမ်းဆည်းမြေ ပေးအပ်မှု မူလပိုင်ရှင်ထံ မရောက်ဘဲ စီးပွားရေး လုပ်ငန်းရှင်များထံ ရောက်ခဲ့
ခိုင်လင်းစံ/RiA
စစ်တွေ၊ အောက်တိုဘာ ၄ ရက်။ ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှ သိမ်းဆည်းခဲ့သော စားကျက်မြေများအား မြေယာဥပဒေအရ ပြန်လည်ပေးအပ်ချိန်တွင် မူလပိုင်ရှင်များထံ မရောက်ဘဲ စီးပွားရေးလုပ်ငန်းရှင် ၄၀ ကျော် လက်သို့ ရောက်သွားခဲ့ကြောင်း သိမ်းဆည်းခံ မြေပိုင်ရှင်များက ပြောသည်။
သိမ်းဆည်းမြေများမှာ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ဝှမ်း အတွင်းရှိ ကျေးရွာ (၃) ရွာမှ ပိုင်ဆိုင်သော ဧက ၂၀၁ ဧကရှိ စားကျက်မြေများ ဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ရခိုင်ပြည်နယ် ကျောက်တော် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် စားကျက်မြေကို ခုတ်ထွင်ရှင်းလင်းပြီး စစ်တပ်နှင့် ရင်းနှီးသည့် လယ်သမားများအား သီးစား အငှားချထားလျှက် ရှိရာ ၂၀၁၂ ခု မြေယာ ဥပဒေအရ ၂၀၁၃ ခုနှစ်တွင် ပြန်လည်ပေးအပ်ချိန်တွင် မူလပိုင်ရှင်များကို အပ်နှံခြင်းမပြုဘဲ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ သီးစား ငှားရမ်း လုပ်ကိုင်နေသူများကိုသာ အပ်နှံလိုက်ခြင်းဖြစ်သည်။
“သူတို့လက်ထဲကို အပ်နှံခဲ့တဲ့အတွက် ကျွန်တော်တို့ ရွာသားတွေကို ပြန်ပေးဖို့ အတွက်လည်း တိုင်ကြားတာ၊ စာပို့တာတွေလည်း လုပ်ခဲ့ပါပြီ။ တစ်နှစ်ကို သုံးကြိမ်လောက်တိုင်ကြား အကူညီတောင်းတာတောင် မလုပ်ပေးဘူး။ ဘာမှ တုံ့ပြန်တာမရှိဘူး။ အခု ဆန္ဒထုတ်ဖော်ဖို့ စာတင်လိုက်တဲ့အခါမှ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျွန်တော်ကို ခေါ်တွေ့တယ်။ အဲဒီလူတွေကို တရားစွဲဖို့ လုပ်နေပါတယ်။ ဆန္ဒဖော်ထုတ်မှုကို နောက်ဆုတ်ပေးဖို့ ခိုင်းပါတယ်။ ကျွန်တော်ကတော့ ပြန်ပြောခဲ့ပါတယ်။ ခင်ဗျားတို့ လာဘ်ပေးလာဘ်ယူ လုပ်ထားကြတဲ့ကိစ္စကို အလျော့မပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်။” ဟု ကြောင်စွယ်ဖြူကျေးရွာမှ တောင်သူ ဦးသာထွန်းအောင်က ပြောသည်။
သိမ်းဆည်းမြေများ မူလပိုင်ရှင်များလက်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း လစ်လျူရှုခံခဲ့ရသဖြင့် ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့က ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူကျေးရွာအုပ်စုရှိ ကြောင်စွယ်ဖြူ ရောင်စုံ တောင်၊ ရောင်စုံမြောက် စသည့် ကျေးရွာများမှ လယ်သမား (၁၀၀) ကျော်တို့က ကျေးရွာအုပ်စုပိုင် စားကျက်မြေ ပြန်ရရှိရေး ကျောက်တော်မြို့ပေါ်၌ လှည့်လည် ဆန္ဒပြခဲ့ပြီး ထပ်မံ၍ ပြည်နယ်လွှတ်တော်သို့ ချီတက် ဆန္ဒပြတောင်းဆိုရန် စီစဉ်နေကြခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ရွာသားတွေပိုင်တဲ့ မြေတွေကို ကျွန်တော်တို့ ပြန်လိုချင်တယ်။ ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ တောင်းခဲ့ပြီးပါပြီ။ အခု စစ်တွေမြို့မှာရှိတဲ့ လွှတ်တော်ရုံးကိုထိ သွားပြီးတော့ ဆန္ဒပြတောင်းဆိုသွားမယ်။ အခြေအနေ ထူးမလာဘူး ဆိုရင်တော့ အဲဒီစားကျက်မြေပေါ်မှာ ကျွဲနွားတွေကို လွှတ်ကျောင်းပစ်မှာဘဲ။ ဒီနေရာဟာ လယ်မဟုတ်ဘူး။ စားကျက်မြေသာ ဖြစ်ပါတယ်။” ဟု ဦးသာထွန်းအောင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် အမျိုးသားအကျိုးစီးပွားဟု ဆိုကာ နိုင်ငံတော်အစိုးရအဖွဲ့မှ တပ်ဖွဲ့ပေါင်း(၅၀) ကျော် ချထားခဲ့ကာ၊ အဆိုပါ တပ်ဖွဲ့များ ချထားနိုင်ရေး အတွက် ဒေသခံများ၏ လယ်ယာများကို လိုအပ်သည့်ထက် ပိုမို သိမ်းဆည်းခဲ့ခြင်းရှိပြီး လယ်မြေများကို ဌာနဆိုင်ရာ ၀န်ထမ်း တချို့မှ ရောင်းချ စားသောက်မှုများ ရှိခဲ့ကြောင်း သြဂုတ် ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်၊ ဒုတိယ ပုံမှန်အစည်းအဝေး တတိယနေ့တွင် “နိုင်ငံတော်၏ ရေရှည်အမျိုးသား အကျိုးစီးပွား အလို့ငှာ သိမ်းယူထားသော မြေယာများနှင့် ပါတ်သက်ပြီး အသုံးမချသည့် မြေယာများနှင့် လျော်ကြေး မရရှိမှုများကို ပြန်လည်ဖြေရှင်းနိုင်ရေး" အဆိုကို တင်သွင်းချိန်တွင် အဆိုရှင် ကျောက်ဖြူမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ထည့်သွင်းပြောကြားခဲ့သည်။
0 comments:
Post a Comment