မင်းမျိုးနွယ်/RiA
စစ်တွေ၊ အောက်တိုဘာ ၁၁ ရက်။ ရခိုင်နယ်စပ် နယ်ခြားစောင့် ရဲဌာနချူပ်နှင့် ရဲကင်းစခန်းများကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေရာတွင် အထူး တပ်ဖွဲ့ဝင်များကိုပါ အသုံးပြုလျက် ရှိကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောသည်။
“ လက်ရှိ အစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အဓိက ထားပြီး တာဝန်ယူ ဆောင်ရွက်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် ဦးဆောင်ပြီးတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထူး အလေးပေး ဆောင်ရွက်နေပါတယ်။ ဒီဖြစ်စဉ်အနေနဲ့ လစ်လျူရှုထားခြင်း လုံးဝမရှိပါဘူး။ အစိုးရ သတင်းဌာန အနေနဲ့လည်း တိကျတဲ့ သတင်းတွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ စစ်တွေမှာ အထူးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေသလို မောင်တောမှာလည်းပဲ တပ်မတော်ဘက်က ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နေပါပြီ။”
ယင်းပြောကြားမှုကို ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးခန်းမ (၁) တွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ရှိ နိုင်ငံရေးပါတီ ၅ ခုနှင့် “မောင်တောဒေသအရေး ဆွေးနွေး” ချိန်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံများအား အန္တရာယ်ကင်းသော နေရာများသို့ ယာယီ ပြောင်းရွေ့ထားနိုင်ရေးနှင့် ယခုအရေးကို တည်ငြိမ်စေရန် ဆောင်ရွက်ရာတွင် ပြည်နယ်ရှိ နိုင်ငံရေး ပါတီများက လက်ရှိ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ကြသည်။
0 comments:
Post a Comment