Tuesday, September 6, 2016

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ရခိုင်တွင် ဆန္ဒပြခံရ

ရခိုင်ရောက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ကိုဖီအာနန်ကို ရခိုင်ပြည်နယ်အစိုးရရုံး ရှေ့မျက်နှာစာတွင် ဒေသခံများက ဆန္ဒပြကန့်ကွက်နေစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)
မင်းမျိုးနွယ်/RiA

စစ်တွေ၊ စက်တင်ဘာ ၆ ရက်။ ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ကိုဖီအားနန်နှင့် အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိခဲ့ရာ စစ်တွေမြို့ခံ လူထုတစ်ထောင် ကျော်ခန့်တို့က ကိုဖီအာနန်ဦးဆောင်သော အဆိုပါကော်မရှင်ကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။


အဆိုပါခရီးစဉ်တွင် ကော်မရှင်ဥက္ကဌ ကိုဖီအာနန်အပြင် ကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့လည်း ပါဝင်ကြောင်းနှင့် နံနက်ကိုးနာရီ ၂၀ အချိန်တွင် စစ်တွေသို့ရောက်ရှိကာ ဖိတ်ကြားထားသည့် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ INGOs အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တို့နှင့် အစိုးရအဖွဲ့ရုံးတွင် ရခိုင်အရေးနှင့် ပါတ်သက်ပြီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


“ကျွန်မတို့ အခုဆန္ဒဖော်ထုတ်ရတာဟာ ကိုဖီအာနန်မလာခင်တုန်းကလည်း ကန်တာနားတို့၊ ရန်ဟီးလီတို့ လာခဲ့ပြီးပါပြီ။ သူတို့ဟာ ရခိုင်ဒုက္ခသည်တွေ အများကြီးရှိနေပါလျက်နဲ့ ရခိုင်တွေကိုဖော်ပြတာများမလုပ်ဘဲ ဘင်္ဂလီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ အများကြီး ဒုက္ခရောက်နေတယ်ဆိုပြီးတော့ ကုလသမဂ္ဂမှာ ပြောဆိုတာတွေ ရှိတယ်။ နိုင်ငံတကာစာမျက်နှာတွေမှာ ရခိုင် ဒုက္ခသည်တွေရဲ့အရေးဟာ ပျောက်ကွယ်သွားပြီးတော့ ဘင်္ဂလီတွေရဲ့ အရေးရှေ့တန်းကိုရောက်လာတဲ့ အတွက် ကျွန်မတို့ ရခိုင်တွေဟာ အများကြီးနစ်နာမှုရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်။” ဟု ဆန္ဒပြခေါင်းဆောင် ဒေါ်ကျော့မေကပြောသည်။

ယင်းအပြင် မစ္စတာကိုဖီအာနန်နှင့်အဖွဲ့တို့သည် ရခိုင်ပြည်နယ်သို့လာရောက်ခြင်းမှာ ရခိုင်အရေးဖြေရှင်းနိုင်ရေးတို့အတွက် လူမှုအဖွဲ့အစည်းနှစ်ခု အကြားရှိ တင်းမာနေမှုများ အား ဖြေရှင်းပေးနိုင်ရန် လာရောက်လေ့လာစုံစမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိလူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လည်ပိုင်းတွင် ဗုဒ္ဓဘာသာရေးခေါင်းဆောင်များဖြစ်သည့် သံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ၇ ရက်နေ့တွင် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကော်မရှင်ကို ပယ်ဖျက်ပေးဖို့တောင်းဆိုရတာဟာ ပထမအဖွဲ့တွေတုန်းကလည်း ကျွန်မတို့ ရခိုင်ပြည်သူတွေကို အများကြီးချိုးနှိမ်းပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေက သူတို့ကို လုံးဝလက်မခံနိုင်တော့ဘူး။ လက်ခံနိုင်တဲ့အကြောင်းရင်းကလည်းပဲ အကြိမ်ကြိမ်အခါခါခံစားဖူးပြီးပြီ။ အဲလိုမျိုး မတရားဘက်လိုက်မှုတွေကို တွေ့နေရတဲ့အတွက် ဒီကော်မရှင်ကို ဖျက်သိမ်းပေးဖို့တောင်းဆို ရတာပါ။” ဟု ဆန္ဒပြသူများက ပြောသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top