Monday, September 5, 2016

မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်းရှိ ယာယီနန်းတော်အပါအဝင် လုပ်ငန်းပေါင်း၂၀ ကျော်တို့ကို ယခုနှစ်တွင် တူးဖော်မှုများ ပြုလုပ်သွားမည်ဟုဆို

RiA

မြောက်ဦး၊ စက်တင်ဘာ ၅ ရက်။ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် နယ်မြေ တစ်ခုဖြစ်သည့် မြောက်ဦးဒေသ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ယာယီနန်းတော် တစ်ခုအပါအဝင် စေတီပုထိုးများ၊ အဆောက် အအုံများနှင့် ယဉ်ကျေးမှု အမွေအနှစ် ၂၀ကျော်တို့အား ယခုနှစ်တွင် တူးဖော် ထိန်းသိမ်းမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးနယ်မြေအတွင်းရှိ ဘုရားပုထိုးများ၊ အဆောက်အအုံများမှာ ပြုပြင်မွမ်းမံမှုများ၊ ထိန်းသိမ်း ဖော် ထုတ်မှုလုပ်ငန်းများ ပြုလုပ်မှုမှာ အလွန်တရာ အားနည်းနေသည့်အတွက် ယိုယွင်းပျက်စီးမှုများနှင့် ရင်ဆိုင် လျှက်ရှိရာ ယခင်ထိန်းသိမ်းဖော်ထုတ်ခဲ့သည့် အမွေအနှစ်များ မှာလည်း ပြန်လည် တည်ဆောက်ခြင်း၊ ပြု ပြင်ခြင်းများကို ပြုလုပ်ခဲ့ကြသည့်အတွက် သမိုင်းဝင် အမွေအနှစ်များမှာ ပျက်စီးသွားခဲ့သည့် အနေအထားများလည်း ရှိနေခဲ့ကြောင်းနှင့် ယခုအခါ ယင်းသို့ ရှေးဟောင်း အမွေ အနှစ်များအား ပြန်လည်ဖော်ထုတ် မှုများ ပြုလုပ်ရာတွင် ပြုပြင်ခြင်း၊ မွမ်းမံခြင်းများကို မပြုလုပ်တော့ဘဲ ထိန်းသိမ်းခြင်း လုပ်ငန်းများကိုသာပြုလုပ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


“ဒီနှစ်အတွက် မြောက်ဦးမှာလုပ်မှာက အများကြီးရှိပါတယ်။ လုပ်ငန်းအလိုက်ပြောရင်တော့ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဝင်ဖို့အတွက် ကြိုတင်ပြင်ဆင်းခြင်းလုပ်ငန်း၊ မြောက်ဦးဒေသ တူးဖော်ခြင်းထဲမှာ အဏ္ဏာဝါတ လို့ခေါ်တဲ့ ရေထဲကဟာတွေကို တူးဖော်တဲ့ အလုပ်ကို လုပ်မယ်။ ပြီးတော့ မြောက်ဦး နန်းတော်ရဲ့ ရေသွင်း ရေထုတ်စနစ်ကို လေ့လာတူးဖော်မယ်။ နောက်တစ်ခုက ကိုးသောင်းနားမှာ ရှိတဲ့ ယာယီနန်းတော်ကို တူးဖော်မယ်။ ကိုမန်မုန်တိုင်းနဲ့ ဒီနှစ်မိုးတွင်းက ရေနစ်မြုပ်သွားခဲ့တဲ့ ဓညဝတီနဲ့ ဝေသာလီမှာ ရှိတဲ့ ကုန်းတွေဟာ နွံ ၆ လက် မလောက် ဖုံးသွားတယ်။ ဒါတွေကို ဖယ်ရှားရမယ်။ ဒါမှသာလျင် အပင်တွေမပေါက်အောင် ထိန်းထားနိုင်မှာ ဖြစ် ပါတယ်။” ဟု ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။

အဆိုပါ လုပ်ငန်းသုံးခုအတွက် ခွင့်ပြုရန်ပုံငွေများမှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဝင်ရန် ကြိုင်တင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် သန်း ၂၀၊ မြောက်ဦးဒေသ တူးဖော်ရေး လုပ်ငန်းအတွက် သန်း ၃၀ နှင့် ဓညဝတီနှင့် ဝေသာလီ မြို့တော်ဟောင်းအတွင်းရှိ ရေနစ်မြုပ်ခဲ့သောကုန်းများကို တူးဖော်ရန် အတွက် ၁၇ ဒသမ ၂၅ သန်းခန့်ကို ပြည် ထောင်စုအစိုးရမှ ချပေးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“နောက်ထပ် အနေနဲ့ လုပ်မယ့်ဟာက ရခိုင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုရံပုံငွေက ၄၄ သန်း ရှိပါတယ်။ အဲဒီထဲက မြောက်ဦးမှာရှိတဲ့ ဘုရား ၆ ဆူကို ထိန်းသိမ်းဖို့အတွက် ၂၄ သန်း ဖြစ်ပါတယ်။ တစ်ဆူကို ပျဉ်းမျှခြင်းက သိန်း ၄၀ လောက်သုံးပြီးတော့ ထိန်းသိမ်း သွားမှာ ဖြစ်ပါတယ်။ ကြီးတာက ၄၅ သိန်း ဖြစ်ရင်လည်းဖြစ်မယ်။ ငယ်တာ က သိန်း ၃၀ ဖြစ်ရင်လည်းဖြစ်မှာပါ။ အကြီးအငယ် အပေါ်မှာ မူတည်ပြီးတော့ ကုန်ကျမှုက ကွဲသွားမှာ ဖြစ်ပါ တယ်။ ဝေသာလီမြို့ဟောင်းမှာ ရှိတဲ့ ရှင်ကြီးတောင် ဘုရားဟာလဲပဲ အန္တရာယ် ရှိနေပါပြီ။ ဒါကို ထိန်းသိမ်းဖို့ အတွက်က သိန်း ၁၀၀ လျာ ထားပါတယ်။ ကျန်တဲ့ ဝေသာလီမှာရှိတဲ့ ကုန်းအမှတ် ၁ ကနေ ၈ အထိကို တူးဖော်ဖို့ အတွက် သိန်း ၁၀၀ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မြောက်ဦးမှာ စုစုပေါင်းအသုံးပြုသွားမယ့် ရံပုံငွေက ၁၄၂ ဒသမ ၂၅၀ သန်းအထိ အသုံးပြုသွားမှာ ဖြစ်ပါတယ်။”ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

ယခုနှစ် မြောက်ဦးနယ်မြေ အတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်များအား ပြန်လည် တူးဖော် ထိန်းသိမ်းမှုများ ပြုလုပ်မည့် လုပ်ငန်းများထဲမှ အမျိုးအစားပေါင်း ၂၀ ကျော်ထဲတွင် ပါဝင်နေသည့် ယာယီနန်းမှာ ကိုးသောင်း ပုထိုးတော်ကြီးကို တည်ဆောက် စဉ်က ကုသိုလ်ရှင် မင်းတိက္ခာ ကိုယ်တိုင် ဦးစီးခဲ့ရာ ဘုရားတည်နေချိန်တွင် မင်းတိက္ခာနေခဲ့သည့် ယာယီ နန်း တော်တစ်ခု ဖြစ်ကြောင်း၊ ယင်းနေရာမှာ မြောက်ဦးမြို့အရှေ့ဘက် နန်းတော်ရာကုန်းနှင့် နှစ်မိုင်ခွဲခန့် အကွာ ကိုးသောင်း ပုထိုးတော်ကြီး၏ အရှေ့ဘက် နှစ်ဖာလုံခန့်တွင် တည်ရှိပြီး ထိန်းသိမ်းမှုများ မပြုလုပ်နိုင်သည့် အတွက် ယိုယွင်းစ ပြုလာနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြောက်ဦးဒေသ အတွင်းစေတီ ခြောက်ဆူတို့မှာ ထိခိုက် ပြိုပျက် သွားခဲ့ရာတွင် တစ်ဆူ အပါအဝင် ဖြစ်သော ရတနာ့ မာရ်အောင် စေတီတော်ကို ဘုရားဂေါပကနှင့် ရတနာ့မာရ်အောင် ဆရာတော်တို့ကပြန်လည် တည်ဆောက်မှုများ ပြုလုပ်ရန်သဘောဆန္ဒရှိနေပြီး ဌာနအနေဖြင့် ယူနက်စ်ကို၏ စံချိန်စံနှုန်း အတိုင်း ထိန်းသိမ်းမှု ပြုလုပ်ရန်သာ သဘောတူသည့် အတွက် အငြင်းပွားလျှက် ရှိနေကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top