Editorial/Root Investigative Agency (RiA) ၊ စက်တင်ဘာ ၁၅ ရက်
ရခိုင်အမျိုးသားပါတီ ဗဟိုအဖွဲ့ဝင် ALD နှင့် RNDP အုပ်စုတို့ကြား သဘောထား ကွဲလွဲနေမှုသည် “ပါတီပြိုကွဲရေးသို့ ဦးတည်နေကြောင်း” သတင်းများက ယခုတလော မီဒီယာများ၏ ပစ်မှတ်ဖြစ်လာသည်။
ပါတီတွင်း မပြေလည်မှုများနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ALD ဗဟို အဖွဲ့ဝင်ဟောင်းများက ရန်ကုန်မြို့၌ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် Freedom of Expression (FoE) ကို လိုက်နာ ကျင့်သုံးမှု အားနည်းခြင်း၊ သည်းခံမှု (Tolerance) မရှိခြင်း၊ လူထု၏ ဆန္ဒသဘောထားကို အလေးထားမှု လျော့နည်းခြင်း၊ ပါတီ တည်ဆောက်ရေး ကင်းမဲ့ခြင်းတို့ကြောင့် ဤသို့ ဖြစ်လာရခြင်း ဖြစ်သည်။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် FoE ကို လိုက်ကျင့်သုံးမှု အားနည်းခြင်းဆိုရာ၌ RNDP ဘက်မှ ခေါင်းဆောင်များ အနေဖြင့် ပါတီ ဗဟိုအတွင်း ဒီမိုကရေစီအစား လူအုပ်စုကြီးစိုး အနိုင်ယူမှု Mobocracy ဖြစ်လာရသည့်အခါ အနည်းစု ဖြစ်သော ALD ခေါင်းဆောင်များက ၎င်းတို့ သဘောထားအမြင်များနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ပါတီအတွင်း ဖြေရှင်းမရသည့် အခက်အခဲ အကျပ်အတည်းကို သတင်းစာရှင်းလင်းပွဲဖြင့် လူထုသို့ တိုင်တည် ချပြမှုပြုကြသည်။
ဤသည်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲမှုကို အတွင်းကြိတ် ဖြေရှင်းမရသည့်အဆုံး နောက်ဆုံး နည်းလမ်းရှာခြင်း ဖြစ်သည်။
သို့သော် တဖက်အုပ်စုက သည်းခံမှု (Tolerance) မရှိပဲ ပါတီတွင်း အရေးပေါ်အစည်းအဝေးဖြင့် ထုတ်ပယ်ခဲ့ကြသည်။ ဤသည်မှာ လူထု၏ ဆန္ဒသဘောထားကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်ခြင်းပင်ဖြစ်သည်။
ပါတီတွင်း လူငယ် မျိုးဆက်သစ်များအတွက် ပါတီကေဒါအပါအ၀င် ပါတီဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စနစ်တကျဖြင့် မဟာဗျူဟာ အစီအစဉ်ရှိရှိ လုပ်ဆောင်နေမှု ယနေ့တိုင် မတွေ့မြင်ရသေးပဲ အုပ်စု အားပြိုင်မှုဖြင့် လုံးချာလိုက်နေရသည်။
၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် (RNDP+ALD = ANP) ဟုသာ မဖြစ်လာခဲ့လျှင် (ANP) လက်ရှိ ပိုင်ဆိုင်ထားသော နိုင်ငံရေး အနေအထားကို ရရှိမည်မဟုတ်။ နှစ်ပါတီ ပေါင်းစည်းလိုက်၍သာ လူထုက တခဲနက် မဲပေးခဲ့ကြခြင်း ဖြစ်သည်။
အကောင်းဆုံး ဥပမာ တစ်ခုကို ပြုပါမည်။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကာလ ကချင်ပြည်တွင် ကချင် ကိုယ်စားပြုပါတီ သုံးလေးပါတီ စုစည်းမရသည့်အဆုံး ပုံစံမလာသဖြင့် NLD ကို ထောက်ခံအားပေးကြရန် KIO/KIA က ၎င်းတို့ ကချင် လူထုကို အချက်ပြကာ စစ်အာဏာရှင် ဆန့်ကျင့်ရေး ထွက်ပေါက် ရှာသွားခဲ့သည်။
ကရင်နီ (ကယား) ပြည်နယ်တွင်လည်း ထိုနည်းတူစွာပင်။ ရခိုင်ပြည်နယ်တွင် နှစ်ပါတီမှ တစ်ပါတီတည်း အဖြစ် ပေါင်းစည်း နိုင်မှုကြောင့် လူမျိုးခြားများ အတုယူဖွယ်ပင် ဖြစ်ခဲ့ရသည်။
ထို့အပြင် ရခိုင်ထက် လူဦးရေ ပိုများသော ရှမ်းကို ကျော်တက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား လူမျိုးများထဲတွင် ဒုတိယ မဲအများဆုံး အနိုင်ရသည့် ပါတီဖြစ်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် တတိယ ရရှိခဲ့သည်က ၂၀၁၅ တွင် ဒုတိယ အဆင့်သို့ တက်လှမ်း လာနိုင်ခဲ့သည်မှာ လူထု၏ တခဲနက် ထောက်ခံမှုကြောင့်သာ ဖြစ်သည်။
ဤသို့လူထုက ပေးလိုက်သော လုပ်ပိုင်ခွင့်ကို တစ်ဦး တစ်ပါတီချင်းစီ၏ အကျိုးစီးပွားပမာ တလွဲ အသုံးချသွား သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ဤအချက်အကို ပညာရှိသတိဖြစ်ခဲ ဆင်ခြင်တုံ တရားဖြင့် ဆက်လက် ညှိနှိုင်းအဖြေရှာဖို့ မကြိုးစားကြဘဲ ညီညွတ်ရေး လမ်းကြောင်းပေါ်မှ အပြေးအလွှား ဆင်းသွားခဲ့ကြသည်။ ယခုအခါ အဆင်းလမ်းကို ရောက်ရှိနေသည်။
အတက်လမ်းကလည်း အဆင်ချောခဲ့ကြသည်တော့ မဟုတ်။ ဇွဲလုံ့လ ၀ိရိယ အပြည့်ဖြင့် လူထုကို မျက်နှာမူလျှက် အဖုအထစ် ကန်းသင်းခလုတ် စူးငြောင့်ဟူသမျှ အတူတကွ ခုတ်ထွင် ရှင်းလင်း ကျော်ဖြတ်၍ နှစ်ပါတီမှ တစ်ပါတီအဖြစ် အမြင့်ဆုံး ညီညွတ်ရေး အဆင့်သို့ တက်လှမ်းခဲ့ကြသည်။
ယခု အဆင့်လမ်းကလည်း အတက်လမ်းကဲ့သို့ ဖြောင့်ဖြူးလှသည် မဟုတ်သည့်အတွက် အဆင်းမတတ်လျှင်၊ အဆင်း မမှန်လျှင် လူထုမျက်နှာကို မထောက်ထားကြလျှင် အကျနာလိမ့်မည်။
လူထုမှ ပေးလိုက်သည့် လုပ်ပိုင်ခွင့်ကို ALD-RNDP နှစ်အုပ်စုစလုံးက မလေးစား မလိုက်နာ (သို့တည်းမဟုတ်) တလွဲ ဆက်လက် အသုံးချကြလျှင် လူထု၏ ဒဏ်ခတ်မှုကို လှလှကြီးကြီး ခံကြရလိမ့်မည်သာ။
နောက်ဆုံးတွင် ရခိုင်အမျိုးသားများ၏ အနှုတ် ဆတိုးကိန်းများဖြင့် အရှုံးပွဲ ရလဒ်ကို ရင်ဆိုင်ကြရမည်ပင် ဖြစ်သည်။
0 comments:
Post a Comment