RiA ၊ သြဂုတ် ၅ ရက်
ရန်ကုန်။ မြန်မာစစ်တပ်အနေနှင့် ရခိုင်လူမျိုး လူ့အခွင့်အရေး ကာကွယ်သူ ခိုင်မျိုးထွန်းကို ချက်ချင်း လွှတ်ပေးသင့်ပြီး၊ မြန်မာ့တပ်မတော် စစ်သားများက ရခိုင်အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲချက်များကို ချက်ချင်းစုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights အဖွဲ့မှ သြဂုတ်လ ၄ ရက်နေ့က ပြောကြားလိုက်သည်။
"ခိုင်မျိုးထွန်းကို အတင်းဓမ္မထိန်းသိမ်းထားခြင်းဟာ စစ်တပ်အနေနှင့် သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းတွေကို ဖုံးကွယ်ဖို့နဲ့ လူ့အခွင့်အရေး ကာကွယ်သူများကို နှုတ်ပိတ်ဖို့ ထပ်မံကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်ပါတယ်" ဟု Fortify Rights ၏ အမှုဆောင်အရာရှိချူပ် မက်သရူးစမစ်မှ ပြောသည်။
ဇူလိုင် ၂၅ ရက်နေ့တွင် စစ်တွေမြို့ရှိ ရဲများက ခိုင်မျိုးထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဘောက်သီးစုရပ်ကွက်တွင် ဖမ်းဆီးခဲ့သည်။
ခိုင်မျိုးထွန်းသည် ၂၀၁၂ ခုနှစ်တွင် မြန်မာအာဏာပိုင်များနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP ၏ လက်ထောက်ပြန်ကြားရေးအရာရှိ ဖြစ်သည်။
ဧပြီ ၂၄ ရက်နေ့က ALP ၏ ကြေညာချက်တွင် မြန်မာစစ်တပ်သည် အရပ်သားများကို အဓမ္မစေခိုင်းမှုများ ပြုလုပ်ပြီး အရပ်သားများအပေါ် ကျူးလွန်သော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခဲ့သည်။
ဧပြီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်းလင်းက ခိုင်မျိုးထွန်းက ဆင့်ခေါ်ပြီး ALP ၏ စွပ်စွဲချက်များ မှန်ကန်ကြောင်း သက်သေမပြနိုင်ပါက တရားစွဲမည်ဟု ပြောကြားခဲ့သည်။
မေလ ၁ ရက်နေ့တွင် ခိုင်မျိုးထွန်းသည် ALP ၏ စွပ်စွဲချက်များ အခြေပြုသည့် သက်သေများကို စစ်တွေမြို့နယ်ရှိ အာဏာပိုင်များထံ တင်ပြခဲ့သည်။
မေလ ၅ ရက်နေ့တွင် မြန်မာ့တပ်မတော်၏ စစ်တွေအခြေစိုက် ဒေသဆိုင်ရာစစ်ဆင်ရေးဌာနချူပ်၏ ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းသည် ခိုင်မျိုးထွန်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် အစိုးရကို ဆန့်ကျင်လှုံ့ဆော်ပြောဆိုရေးသားမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
ရုံးချိန်းဆင့်ခေါ်မှုကို ပျက်ကွက်မှုဖြင့် ဇူလိုင် ၂၅ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး သြဂုတ် ၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဒုတိယရုံးချိန်းအဖြစ် သြဂုတ်လ ၁၂ ရက်သို့ ချိန်းဆိုခဲ့သည်။
ခိုင်မျိုးထွန်းကို ပုဒ်မ ၅၀၅ (ခ) နှင့် (ဂ) အရ တရားစွဲခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု Fortify Rights အဖွဲ့မှ ပြောကြားခဲ့သည်။
=====
သတင်းဓာတ်ပုံ - ERI
0 comments:
Post a Comment