Saturday, August 6, 2016

ရခိုင်ပြည်နယ်မှ သိမ်းဆည်းမြေများအား ဌာနဆိုင်ရာမှ အလွဲသုံးစားမှုရှိခဲ့

RiA ၊ သြဂုတ် ၆ ရက်

စစ်တွေ။ ယခင်အစိုးရ လက်ထက်များက အမျိုးသား အကျိုးစီးပွားဟု အကြောင်းပြ သိမ်းဆည်းခဲ့သည့် လယ်မြေများကို ဌာနဆိုင်ရာ ၀န်ထမ်းတချို့မှ ရောင်းချစားသောက်မှုများ ရှိခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ၊ ကျောက်ဖြူမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

အဆိုပါ ပြောကြားမှုကို ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်၊ ဒုတိယ ပုံမှန်အစည်းအဝေး တတိယနေ့၊ သြဂုတ် ၅ ရက်နေ့က နိုင်ငံတော်၏ ရေရှည်အမျိုးသား အကျိုးစီးပွား အလို့ငှာ သိမ်းယူထားသော မြေယာများနှင့် ပါတ်သက်ပြီး အသုံးမချသည့် မြေယာများနှင့် လျော်ကြေး မရရှိမှုများကို ပြန်လည်ဖြေရှင်းနိုင်ရေး အဆိုကို တင်သွင်းခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဥပမာ တပ်ချထားရန် ဖော်ပြပြီး ယနေ့အထိ တပ်ချထားခြင်းမရှိသော လယ်ယာတောတောင်များ၊ တပ်နှင့်ကွင်းကွာပြီး တစ်သီးတစ်ခြား တည်ရှိနေသော လယ်ယာ ဆည်းမြောင်များနဲ့ ဌာနဆိုင်ရာ အသီးသီးတို့က ရေရှည်အမျိုးသား အကျိုးစီးပွားတို့အတွက် တင်ပြထားတဲ့ လယ်ယာမြေတွေကိုပါ ဌာနဆိုင်ရာ ဝန်ထမ်းအချို့က အမှန်တကယ် အလွဲသုံးစား လုပ်နေကြောင်း ပေါ်လွင်နေကြပါတယ် ၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သင့်ပါတယ်”

မြေယာကိစ္စနှင့် ပတ်သက်ပြီး ဦးကျော်လွင် အဆိုအပြင်၊ မြေပုံမြို့မဲဆန္ဒနယ်မှ ဦးအောင်ဝင်းကလည်း ရခိုင်ပြည်နယ်က လယ်သမားများ လယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ(၇) မြန်ဆန်စွာ ရရှိရေး တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားအကျိုးစီးပွားဟု ဆိုကာ နိုင်ငံတော်အစိုးရအဖွဲ့မှ တပ်ဖွဲ့ပေါင်း(၅၀) ကျော် ချထားခဲ့ကာ၊ အဆိုပါ တပ်ဖွဲ့များ ချထားနိုင်ရေးအတွက် ဒေသခံများ၏ လယ်ယာများကို လိုအပ်သည့်ထက် ပိုမို သိမ်းဆည်းခဲ့ခြင်းက နိုင်ငံတော် အစိုးရအပေါ် ပြည်သူများက ယုံကြည်ကိုးစားမှု ပျက်ပြားစေနိုင်တယ် လို့လည်း ထင်မြင်မိကြောင်း ဦးကျော်လွင်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top