RiA ၊ သြဂုတ် ၃ ရက်
စစ်တွေ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်မြေကုန်းကျေးရွာ စာသင်ကျောင်း (အလက-ခွဲ) တွင် ကျောင်းဆောင်မရှိသည့် အတွက် ကိုယ်ထူကိုယ်ထ အဆောင်ငယ်တစ်ခု ဆောက်လုပ်ကာ ပညာသင်ကြား နေကြရသည်။
ကျောင်းသား၊ ကျောင်းသူ ၇၀ ခန့် တက်ရောက်နေသည့် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းမှာ အလျား၄၀ ပေ၊ အနံ ၁၀ ပေခန့်သာရှိပြီး ရွာသားများက ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ယာယီ စာသင်ဆောင်အဖြစ် ဆောက်လုပ်ထားခြင်းဖြစ်သည်။
“ဒီကျောင်းက ကူတောင် အထကကျောင်းကနေ ခွဲထွက်တာ ဖြစ်ပါတယ်။ ဒီနှစ်မှ စခွဲတာပါ။ အရင်ကလည်း ဒီရွာမှာကျောင်းမရှိတော့ အခု အလကခွဲ ရတဲ့အချိန်မှာ ကျောင်းသားတွေကို စာသင်ဖို့အတွက် ကျောင်းမရှိ ဖြစ်နေတာပါ။ ဒီအဆောင်လေးကိုလည်း ရွာသားတွေက သူတို့ တတ်နိုင်သလောက် ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ကျောင်းသား ၇၀ ရှိပါတယ်။ အဆင်မပြေဘူး။ အဆောင်နဲ့ ကျောင်းသားက လုံးဝမဆံ့ပါဘူး။ ဒီလိုပဲဖြစ်သလို သင်ကြားပေးနေရပါတယ်။ ဆရာ/မတွေကတော့ အလုံအလောက်ရှိပါတယ်။” ဟု အောင်မြေကုန်း အလက-ခွဲမှ တာဝန်ခံ ဆရာမ ဒေါ်ခင်ညွန့်ဝေက ပြောသည်။
ယင်းကျောင်းတွင် သင်ကြားလျှက်ရှိသည့် ကျောင်းသားများမှာ ယခင်က ကူတောင် အထကကျောင်းတွင် သင်ကြားခဲ့ကြသူများ ဖြစ်သော်လည်း ယခုနှစ်တွင် ကျောင်းသားဦးရေ များပြားလာခြင်း၊ မိုးတွင်း ကာလသွားလာရေး မလွယ်ကူခြင်း၊ မိမိကျေးရွာတွင် ကျောင်းမရှိသည့်အတွက် ကျောင်းရရှိရန် ယခုနှစ်တွင် ခွဲထွက်လာခဲ့ခြင်းဖြစ်သည်။
--
(သတင်းဓာတ်ပုံ - အောင်မြေကုန်းကျေးရွာ စာသင်ကျောင်း (အလက-ခွဲ) ဓာတ်ပုံ - RiA)

0 comments:
Post a Comment